Transparency Myanmar

transparency.myanmar@gmail.com

ဆန်စပါးဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ မြန်မာပြည်တွင်းမှ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာခြင်း တို့ကြောင့် ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ဒုက္ခသည် စခန်းများ အနေဖြင့် လာမည့် နှစ်များအတွင်း အခက်အခဲများစွာဖြင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း ဒုက္ခသည် စခန်းများအား အကူအညီ ပေးလျက်ရှိသော အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ပြောကြားသည်။ 

ထိုင်းနိုင်ငံ၊ မယ်လဒေသရှိ ဒုက္ခသည် စခန်းသို့ ဥရောပသမဂ္ဂ (အီးယူ)မှ အရာရှိကြီးများ လာရောက် လည်ပတ်မည်ဟု ကြေညာပြီးနောက် မကြာမီမှာပင် အဆိုပါ သုံးသပ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မဲလဒုက္ခသည် စခန်းတွင် မြန်မာဒုက္ခသည် ဦးရေ လေးသောင်း (၄၀၀၀၀) ခန့်ရှိသည်။  

အီးယူက ပေးသော နိုင်ငံတကာ အထောက်အပံ့ငွေ စုစုပေါင်းမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀ ဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေ၏ ၆၅ ရာခိုင်နှုန်းမှာ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများက နှစ်စဉ် ရရှိကြောင်း သိရသည်။ 

ဘန်ကောက် အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော Thailand Burma Border Consortium(TBBC) ၏ အကြီးအကဲ Jack Dunford က ယခုနှစ်အတွက် ထောက်ပံ့ကြေး ရန်ပုံငွေ အလုံအလောက် ရရှိထားသော်လည်း လာမည့်နှစ်အတွက် စိုးရိမ်စရာ အခြေအနေတွင် ရှိကြောင်း ပြောကြားသည်။ TBBC သည် ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ဒုက္ခသည် စခန်းများ အတွက် အစားအသောက်၊ ဆေးဝါးနှင့် နေထိုင်စရာ အကာအကွယ်များ ထောက်ပံ့ပေးနေသော အန်ဂျီအို တစ်ခုဖြစ်သည်။ 

"        ကျွန်တော်တို့ အဖွဲ့က လုပ်လို့မရတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ ငွေကြေး လဲလှယ်မှု နှုန်းထားတွေ၊ ဆန်ဈေးနှုန်းတွေ၊ ဒုက္ခသည်တွေ တိုးလာတာတွေပါ။ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ရန်ပုံငွေ ကိစ္စက အမြဲတမ်းလိုလို ပြဿနာဖြစ်နေပါတယ်" ဟု Jack Dunford ကပြောသည်။ 

" ခုနကပြောတဲ့ အဲဒီ ပြဿနာသုံးခုက ကျွန်တော်တို့ကို စိန်ခေါ်နေပါတယ်။ ကမ္ဘာလုံး ဆိုင်ရာ အထောက်အပံ့ ရန်ပုံငွေတွေ ကျဆင်းလာတာနဲ့အမျှ နောက်လာမယ့် နှစ်တွေမှာ အခက်အခဲတွေ ရှိလာမှာ သေချာပါတယ်" 

ဆန်စပါးအဓိက ထွက်ရှိသော အိန္ဒိယနှင့် ဖိလစ်ပိုင် နိုင်ငံတို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဆန်ဈေးနှုန်းများ တက်မည့် အနေအထားတွင်ရှိကြောင်း ၎င်းကဆိုသည်။  

လာမည့် နှစ်တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အပြီးသတ် ချေမှုန်းမည်ဖြစ်ရာ ထိုင်းနယ်စပ် ဒေသသို့ ဒုက္ခသည် မြောက်မြားစွာ ဝင်ရောက်လာဖွယ်ရှိသည် ဟု မစ္စတာ Jack Dunford က သတိပေး ပြောကြားသည်။ 

" နောက်လမယ့် ၁၂ လ လောက်အတွင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ရေရာသေချာမှု ရှိလာမှာ မဟုတ်ဘူး။ ထိုင်း-မြန်မာ နယ်စပ် ဒေသမှာလည်း ဘာတွေ ဖြစ်လာမယ် ဆိုတာကို ဘယ်လိုမှ အတိအကျ ပြောလို့ရမှာ မဟုတ်ပါဘူး"

မြန်မာ စစ်အစိုးရသည် ၎င်းကိုတိုင် အစီအစဉ် ရေးဆွဲထားသော ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်းမှ လက်နက်ကိုင် တပ်ဖွဲ့ စုစုပေါင်း ၁၈ ဖွဲ့အား နယ်စပ်ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် ဖိအားပေးလျက် ရှိသည်။  

ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာစစ်တပ်၊ ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားသမဂ္ဂ (KNU) လက်နက်ကိုင် တပ်ဖွဲ့များ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကရင်အမျိုးသား အရပ်သား ငါးထောင် (၅၀၀၀) ခန့်မှာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး ခဲ့ကြရသည်။  

ထို့ပြင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တွင် သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲကြောင့် တရုတ်ပြည်ဘက်သို့ ဒုက္ခသည် သုံးသောင်း ခုနစ်ထောင် (၃၇၀၀၀) ခန့် ထွက်ပြေး ခဲ့ကြရသည်။ 

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ အချို့သော ဒုက္ခသည် စခန်းများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ် လောက်ကတည်းက ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အီးယူက အဆိုပါ နယ်စပ် ဒုက္ခသည် စခန်းများ ရှိရာသို့ အဆင်မြင့် အရာရှိကြီးများ စေလွှတ်ပြီး အကူအညီပေးရန် အစီအစဉ်များ ပြုလုပ်လေ့ရှိသည်။ စာရင်းများအရ အဆိုပါ နယ်စပ်ဒေသတွင် မြန်မာဒုက္ခသည် စုစုပေါင်း တစ်သိန်း သုံးသောင်းခန့်ရှိပြီး အများစုမှာ ကရင်တိုင်းရင်းသားများဖြစ်ကြပါသည်။  

DVB သတင်းဌာန ၏ Thai refugee camps face tough year ahead ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment