Transparency Myanmar

transparency.myanmar@gmail.com

Spiegel Magazine 105-09 "Was sollte Su Kyi , tut? By Klaus Wiegrefe
ကိုဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေသည် လမ်းဆုံလမ်းခွ တစ်ခုတွင်
ရောက်ရှိနေပုံရပြီး ပိုမိုကောင်းမွန် သော အနာဂတ် ဖြစ်နိုင်ခြေရှိ၊ မရှိသည် လူထုခေါင်းဆောင် ဒီမိုကရေစီသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် မူတည်နေသည်ကိုတွေ့ရသည်။ အမေရိကန်တို့က လည်းကောင်း၊ နိုင်ငံတကာက
လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီတို့က လည်းကောင်း ယနေ့တိုင် တွေ့ဆုံဆွေးနွေးပွဲ ဆိုသော ကိစ္စကို မျှော်လင့် ပြောဆိုနေကြဆဲ ဖြစ်သည်။ တစ်နည်းအားဖြင့် တွေ့ဆုံ ဆွေးနွေးပွဲများမှ တစ်ဆင့် မြန်မာနိုင်ငံ
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးထံမှ လိုက်လျောမှု တစ်စုံတစ်ရာကို မျှော်လင့် နေကြသည် ဆိုသော သဘောလည်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဘောလုံးသည် ဗိုလ်ချုပ်မှူးကြီး၏ ကွင်းထဲရောက်နေသည်ဟု ယူဆ နေကြခြင်း
လည်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသည် အရာရာကို ယတိပြတ်ဆုံးဖြတ်ထားပြီး ဖြစ်နေပြီး ထိုသတင်းစကားကို ကြုံကြိုက်သည့် အခါတိုင်း မိန့်ခွန်းများမှ တစ်ဆင့် ပြောနေခဲ့ပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးဘက်မှ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် ကိုသော်လည်းကောင်း၊ ရွေးကောက်ပွဲများလွတ်လပ်၍ ပွင့်လင်းမြင်သာ၊ ထင်သာရှိစေရန် ကိုသော် လည်းကောင်း စဉ်းစားထားခြင်းမရှိပါ။ မည်သည့်အခါမျှ စဉ်းစားလိမ့်မည်လည်းမဟုတ်ပါ။ ဗိုလ်ချုပ်မှူးကြီး အတွက် အဓိကလိုအပ်ချက်မှာ ၎င်းင်း၏ ဘ၀နေ၀င်ချိန် ဘ၀အာမခံချက်အတွက် မူလက အကွက်ချ၍ စီမံထားသည့်အတိုင်း တစ်သဝေမတိမ်း ကွက်တိ အကောင်အထည် ပေါ်လာရေးပင်ဖြစ်သည်။ အသစ် ပေါ်ပေါက် လာမည့် စနစ်တွင် သူ့အတွက် မည်သို့စွက်ဖက်ခွင့်ကို ရယူထားမည်ဆိုသည်ကို ကာယကံရှင် ဗိုလ်ချုပ်မှူးကြီးသာ သိပါလိမ့်မည်။ ဘေးလူအနေဖြင့် ခန့်မှန်းနိုင်သည်မှာ အဆိုပါစီမံချက်ကို မည်သည့်နည်းနှင့်မျှ အလျှော့ပေးလိမ့်မည် မဟုတ်ဆိုသော အချက်ဖြစ်သည်။

သို့ဖြစ်လျှင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ဗိုလ်ချုပ်မှူးကြီး ဘာမျှော်လင့်သနည်းဟု စဉ်းစားကြည့်ရန်လိုပါသည်။
ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ မျှော်လင့်သည်မှာ ပိတ်ဆို့မှုများရပ်ဆိုင်းရေးမဟုတ်ပါ။ ပိတ်ဆို့မှုများရပ်ဆိုင်းလိုက်လျှင် သူပိတ်ဆို့ထားသော အရာများသာ ကျန်ခဲ့ပြီး သမိုင်းတရားခံ ဖြစ်ပေလိမ့်မည်။
ဗိုလ်ချုပ်မှူးကြီး သည် ဒေါ်အောင်ဆန်းစုကြည်ကို လုံးလုံးလျားလျား လက်မခံနိုင်ခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် ဘက်က ပူးပေါင်းဆောင်ရွက်လာမည်ကိုလည်း လိုလားခြင်းမရှိပေ။ ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ထံမှ လိုလားသည်မှာ သူမအနေဖြင့် ဗိုလ်ချုပ်မှူးကြီး၏ ဘ၀နေ၀င်ချိန် အေးချမ်းစွာ အနားယူရေး အစီအစဉ်ကို
လုံးဝ အနှောင့်အယှက် မပြုပါဟူသော အာမခံချက်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်မ မည်သို့ အာမခံ စေလိုပါသနည်းဟု ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မေးမြန်းခဲ့ပါက အဖြေရလိမ့်မည် မဟုတ်ပါ။ ဤကိစ္စသည် သူမထင်ထား သည်ထက် နက်နဲပါသည်။ တိတိကျကျ ရေရေရာရာ မဖော်ပြသော သံခင်းတမန်ခင်းပေးစာ
များကိုလည်း ဗိုလ်ချုပ်မှူးကြီး ထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နည်းအမျိုးမျိုးနှင့် အာမခံကြည့်၍ ဗိုလ်ချုပ်မှူးကြီး သဘောကျလက်ခံသည့် အချက်ပါလာခဲ့လျှင် သူမကို လွှတ်ပေးခြင်းဖြင့် တုံ့ပြန်ပါလိမ့်မည်။ သို့သော် သူမကို တွေ့ဆုံစကားပြောလိမ့်မည် မဟုတ်ပါ။ သူမကိုလွှတ်ပေးလျှင် အမေရိကန်တို့နှင့် အလုပ်လုပ်ရန် လုံလောက်ပြီဟု ဗိုလ်ချုပ်မှူးကြီးခန့်မှန်းနိုင်ပါ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဖဲချပ်များကို ဖွက်ထားဆဲဖြစ်ပါသည်။ သူမသည်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို မည်သို့မည်ပုံ ဆက်ဆံရမည်ကို သိရှိပုံမရပေ။ ဗိုလ်ချုပ်မှူးကြီးအား ဗိုလ်ချုပ်မှူးကြီး၏ နည်းလမ်းဖြစ်သည့် လျှို့ဝှက်၍
အသိရခက်သော၊ နှေးကွေးသော၊ ဖုံးတချို့ ကွယ်တချို့ နည်းလမ်းဖြင့် ပြန်လည် ဆက်ဆံခြင်းသည် မည်သည့်ရလဒ်မျှ မရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သိရှိပုံမရပေ။ အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်
ရလိုသော ရလဒ်များကို ဗိုလ်ချုပ်မှူးကြီးက ရရှိစေလိုခြင်းမရှိသောကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသည်
သူလိုက်လျောနိုင် သမျှကို အခြေခံဥပဒေထဲတွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ရာ နောက်ထပ် ဘာကိုမျှ မလိုက်လျော နိုင်တော့သောကြောင့် တွေ့စရာလည်းမလိုဟု ယူဆထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ဖဲချပ်များကို များစွာအရေးပါသည်ဟု ထင်ထားပုံရနေသည်။ ယေဘုယျ အားဖြင့် ဗိုလ်ချုပ်မှူးကြီး အတွက် အချိန်နည်းနေပြီဟု သူမစဉ်းစားမိခဲ့လျှင် ဖဲချပ်များ၏တန်ဖိုးကို သူမ ပိုမိုတွက်ချက် မိလိမ့်မည်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသည် ရလဒ်ကောင်း ရခြင်း၊ မရခြင်းကို ဂရုမစိုက်ဘဲ အဓိက ရည်မှန်းချက်ဖြစ်သည့် ကိုယ်ရေးကိုယ်တာ ဘ၀လုံခြုံမှု စီမံချက်ကိုသာ ဂရုစိုက်သည် ဆိုသည့်အချက်ကို
အမေရိကန်တို့ရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ သိရှိပုံမရပေ။

ခြုံ၍ပြောရလျှင် လမ်းညွှန်မြေပုံနှင့် ရွေးကောက်ပွဲများသည် ဗိုလ်ချုပ်မှူးကြီးက နောက်ထပ် ဗိုလ်ချုပ်မှူးကြီး လက်သစ်တစ်ဦး မပေါ်ပေါက်စေရန် အကွက်ချ၍ စီစဉ်သည့် ဇာတ်ကွက်၏ တစ်စိတ်တစ်ဒေသဖြစ်ရာ
အမေရိကန်တို့ ပြောနေသည့် အများလက်ခံသော ရွေးကောက်ပွဲရလဒ် ရရှိရေးသည် မူလဇာတ်ညွှန်းတွင် မပါဝင်ချေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံတွင် ရှိနေသည့် ဖဲချပ်များသည် သူမထင်သလို တန်ဖိုး ရှိလှသည်မဟုတ်ပါ။
ရွေးကောက်ပွဲ အဖြစ်သဘော ဆောင်သွားလျှင်လည်း ဗိုလ်ချုပ်မှူးကြီးအတွက် ပြဿနာမရှိပါ။ ဗိုလ်ချုပ်မှူးကြီး လက်သစ်တစ်ဦး မပေါ်ပေါက်ရေးသည် မူလဇာတ်ကွက်၏ အဓိကပန်းတိုင်ဖြစ်သည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်
အမေရိကန်များ မရိပ်မိသရွေ့ မိမိတို့သည် ထက်မြက်သော မြွေအလမ္ပာယ် ဆရာများ ဖြစ်သည်ဟုယူဆကာ ဆက်လက် ပြီး ဗိုလ်ချုပ်မှူးကြီးနှင့် မြွေကစား နေကြပေလိမ့်ဦးမည်။ ကစားပွဲအစစ်သည် မြွေအလမ္ပာယ်ပွဲ မဟုတ်ဘဲ
တခြားတစ်နေရာတွင် ဖြစ်နေသော ရွေးကောက်ပွဲဖြစ်လေသည်။ ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment