Transparency Myanmar

transparency.myanmar@gmail.com

Lankaweb.com, 28 - Nov - 2009

        အာရှနိုင်ငံများမှ ဒီမိုကရေစီ လိုလားသူ ပါလီမန် အမတ်များ အဖွဲ့က မြန်မာနိုင်ငံတွင် လွတ်လပ် မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်နိုင်ရေးအတွက် မှန်ကန် မျှတသော နိုင်ငံတကာ အကဲဖြတ်သမားများဖြင့် သေချာစွာ စောင့်ကြည့်ရမည်ဟု အလေးအနက် တိုက်တွန်းခဲ့ပြီး လှည့်ဖျားထားသော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရဆိုလျှင် တရားမျှတမည် မဟုတ်ဟု ပြောကြားခဲ့ပါသည်။

          အိန္ဒိယ၊ နီပေါ၊ စင်္ကာပူ၊ အင်္ဂလန်၊ မြန်မာနှင့် တိဗက်နိုင်ငံများမှ ပါလီမန် အမတ်များ ပါဝင်သော အဖွဲ့က မြန်မာအစိုးရ ကတိပေးထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လူမျိုးစု တပ်ဖွဲ့များကို တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းရန်၊ အတိုက်အခံ နိုင်ငံရေးသမားများကို အာဏာသုံး ဖမ်းဆီးခြင်းကို ရပ်ဆိုင်းရန် တခဲနက် တောင်းဆိုခဲ့ကြ ပါသည်။

          နိုဝင်ဘာ (၂၇) ရက်က နယူးဒေလီတွင် ကျင်းပသော Parliamentarian's Solidarity for Struggle of Democracy in Burma ၏ ညှိနှိုင်း အစည်းအဝေးတွင် လာမည့်နှစ် ရွေးကောက်ပွဲအတွက် အခြေခံ စည်းကမ်းများ သတ်မှတ်ခြင်းနှင့် စီစဉ် ပြင်ဆင်ခြင်း လုပ်ငန်းများတွင် နိုင်ငံရေး လှုပ်ရှားသူ အားလုံး ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် လမ်းဖွင့်ပေးရန် တိုက်တွန်း ခဲ့ကြပါသည်။

          Indian Parliamentarian's Forum for Democracy in Burma က ကမကထ ပြုလုပ်သော အစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်၌ မြန်မာတပ်မတော် အစိုးရသည် တိုင်းရင်းသား လူမျိုးစုများနှင့် အငြင်းပွားမှုကို မီးမွှေးခြင်း၊ လူမျိုးစု လက်နက်ကိုင်များအား တိုက်ခိုက်ခြင်းဖြင့် တိုင်းရင်းသား လူ့အဖွဲ့အစည်းများကို ပြင်းထန်စွာ ထိုးစစ်ဆင်ရန် ဆောင်ရွက်နေခြင်း စသဖြင့် မြန်မာ လူ့အဖွဲ့အစည်းကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပြီး အရပ်ဖက် ပြည်သူများအပေါ်တွင် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု ဖေါ်ပြထားပါသည်။

          ၎င်းတို့က ဆက်လက်၍ မြန်မာအစိုးရက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲများ ကျင်းပရန် ရည်ရွယ်နေခြင်းသည် ဒီမိုကရေစီစနစ်ကို အလွဲသုံးစား ပြုလုပ်ခြင်း ဖြစ်ပြီး ဖိနှိပ် ချုပ်ချယ်သော အစိုးရသာလျှင် ပြန်လည် ထုတ်ဖေါ်လာလိမ့်မည်ဟု သတိပေးထား ပါသည်။

          သို့ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှ ဥပဒေကျောင်းအရ အသိအမှတ်ပြုမှုကို ရရှိရန် စစ်အစိုးရက အားထုတ် ကြိုးစားလာသောကြောင့် မိမိတို့အတွက် အာဏာရှင် အစိုးရကို ဖိအားကြီးကြီးပေးရန် အခွင့်အလမ်း ပြတင်းပေါက် ပွင့်လာခဲ့သည်ဟုလည်း ဖြည့်စွက် ပြောကြားပါသည်။

          ထို့အပြင် အာရှ ပါလီမန် အမတ်များက နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံရာတွင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု တားမြစ်သည့် ဥပဒေကို မြန်မာနိုင်ငံအပေါ် ချမှတ်ရန် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး၍ ဒီမိုကရေစီ ထွန်းကားရေး ပထမ ခြေလှမ်းအဖြစ် သူမနှင့် တွေ့ဆုံ ဆွေးနွေးစေရန်အတွက် မြန်မာအစိုးရအပေါ် ဖြစ်နိုင်သမျှ ဖိအားပေါင်းစုံ အသုံးပြုရန် တိုက်တွန်းထားပါသည်။

          ထောင်ပေါင်းများစွာသော နိုင်ငံရေး အကျဉ်းသားများမှ မြန်မာ အကျဉ်းထောင်များအတွင်း ဒုက္ခခံစားနေရပြီး အများစုမှာ အသက်အန္တရာယ် ရှိနေသည်ဟုလည်း မှတ်ချက် ပေးထားပါသည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် အကြီးဆုံး ဒီမိုကရေစီ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အားလျော်စွာ မြန်မာ ဒီမိုကရေစီ အင်အားစုများကို ခိုင်မာ တောင့်တင်းစေရေးအတွက် ကျယ်ပြန့်သော မူဝါဒ ချမှတ်ထားသင့်သည် ဟုလည်း "နယူးဒေလီ" ကို တိုက်တွန်းထားပါသည်။

          အထက်ပါ မေတ္တာရပ်ခံချက်ကို လက်မှတ်ရေးထိုးခဲ့သော ပါလီမန်အမတ်များမှာ Charles Chong (သဘာပတိ၊ Asean Parliamentary Myanmar Caucus, Singapore) ၊ Chandrika Yadav (Chief Whip of MPRE - နီပေါလွှတ်တော်) ၊ Baroness Barbara Cox (ဗြိတိသျှ ပါလီမန် အမတ်) ၊ ဒေါက်တာတင့်ဆွေ (အဝေးရောက် NLD အမတ်နှင့် ပြန်ကြားရေး ဝန်ကြီး) Rev. Achariya (ပြည်ပရောက် တိဗက် ပါလီမန် အမတ်) နှင့် အိန္ဒိယပါလီမန် အမတ်များဖြစ်သည့် D.Raja, Chandan Mitra, Brinda Karat, Sharad Joshi, Thomas Sangma တို့ ဖြစ်ကြပါသည်။

၎င်းတို့က မြန်မာနိုင်ငံတွင်း စစ်မှန်သော ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် လမ်းခင်းပေးရန် မြန်မာအစိုးရကို တိုက်တွန်းရာတွင် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့တို့ အတူ ပူးပေါင်းဆောင်ရွက်၊ ဆွေးနွေး နည်းလမ်း ရှာဖွေသွားရန် နယူးဒေလီ အစိုးရကို ထပ်မံ တိုက်တွန်းခဲ့ကြပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment