Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချ တိုက်ဖျက်နိုင်ရန် အတွက် အချိန်တိုတွင်း ထိရောက်မှုရှိသော စွမ်းအင်အစီအစဉ်များကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံက အသိပေး ကြေညာလိုက်ပြီ ဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်မှုကို ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း အထိ လျှော့ချ သွားမည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီက ထုတ်ပြန် ကြေညာသည်။

လာမည့် ဒီဇင်ဘာလ ကိုပင်ဟေဂင်တွင် ကျင်းပပြုလုပ်မည့် ရာသီဥတုဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ တရုတ်အစိုးရက ယင်းသို့ ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချမည့် အစီအစဉ်သည် တရုတ်အစိုးရ၏ စေတနာ့ဝန်ထမ်း ဆောင်ရွက်မှု တစ်ရပ် ဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုကိုလည်း ဝင်ရောက် အကူအညီပေးသည့် သဘောလည်း ဖြစ်ကြောင်း၊ ဤအစီအစဉ်ကို တရုတ်အစိုးရက အမျိုးသားရေး အခြေအနေများ ပေါ်တွင် မူတည်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီက ကြေညာချက် ထုတ်ပြန်သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် လာမည့် ဒီဇင်ဘာတွင် ကျင်းပပြုလုပ်မည့် ကိုပင်ဟေဂင် ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ကာ ဖန်လုံအိမ်အာနိသင် ထုတ်လုပ်မှု တိုက်ဖျက်ရေးအတွက် ဝင်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ကိုပင်ဟေဂင် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရေး ကို အမေရိကန် ပြည်ထောင်စုက ရည်မှန်းချက် ပန်းတိုင်အဖြစ် သတ်မှတ်ကာ ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုမည် ဖြစ်ကြောင်း အိမ်ဖြူတော်က အသိပေးလိုက်ပြီးနောက် တရုတ်ပြည်ကလည်း ယင်းသို့ ကြေညာချက်များ ထုတ်ပြန်လာခြင်း ဖြစ်ပါသည်။

"ကျွန်တော်တို့ အနေနဲ့ ကိုပင်ဟေဂင် ထိပ်သီးဆွေးနွေးပွဲမှာ မျှတမှုရှိပြီး ကျိုးကြောင်း ဆက်ဆပ်မှုရှိတဲ့ အစီအစဉ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး Qin Gang က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

"ဝန်ကြီးချုပ် ဝမ်ကျားပေါင် က ဒီရာသီဥတုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အားလုံးကို ကိုပင်ဟေဂင် ဆွေးနွေးပွဲမှာ တက်ရောက်ပြီး တရုတ်ပြည်အနေနဲ့ လုပ်နိုင်တာတွေကို အဓိက ဆွေးနွေးမှာပါ"

ဒီဇင်ဘာလ ၇ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်မည့် အဆိုပါ ကိုပင်ဟေဂင် ဆွေးနွေးပွဲတွင် တိကျသော သဘောတူညီချက်များ ထွက်ပေါ်လာဖွယ် မရှိကြောင်း လေ့လာသူများက ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲ၏ မူလ ရည်မှန်းချက် ပန်းတိုင်မှာ ၁၉၉၇ ကျိုတို သဘောတူညီချက်ကို အစားထိုးနိုင်မည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု သဘောတူညီချက် တစ်ရပ် ထွက်ပေါ်လာရေး ဖြစ်သည်။  သို့သော် နိုင်ငံ ကိုယ်စားလှယ်များသည် သဘောတူညီချက်အတွက် အကောင်းဆုံးသော အဆိုပြုချက် မူကြမ်းများသာ ထုတ်ဖော်ဖွယ်ရှိသည် ဟု ယခု ရက်သတ္တပတ် အတွင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။ လာမည့် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းရောက်မှ သဘောတူညီချက် ပြုလုပ်ရန် စီစဉ်လိမ့်မည် ဟုလည်း ဆိုသည်။

အမေရိကန် သမ္မတ အိုဘားမားသည် အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် လာမည့် ၁၀ နှစ်အတွင်း ကာဗွန်ထုတ်လုပ်မှုများကို ၁၇ ရာခိုင်နှုန်းခန့် လျှော့ချပြီး နှစ် ၅၀ ခန့်မှစ၍ အပူဓာတ် ထုတ်လုပ်မှုကို ၈၀ ရာခိုင်နှုန်းထိ လျှော့ချမည်ဟု အတည်ပြုချက် ပေးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

တရုတ်နိုင်ငံက မိမိတို့သည် ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် တိကျပြီး စည်းနှောင်မှု ရှိသော ပစ်မှတ်များကို ရှာဖွေသွားမည်ဖြစ်သည် ဟု ထပ်ခါတလဲလဲ ထုတ်ဖော် ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နှင့် ၂၀၀ ခန့်က စတင်ခဲ့သော စက်မှုထွန်းကားရေး လုပ်ဆောင်ချက်များကြောင့် သဘာဝပတ်ဝန်းကျင်မှာ ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများကြောင့် ဖြစ်ကြောင်း တရုတ်နိုင်ငံက ပစ်တင်ဝေဖန်သည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် ကမ္ဘာပေါ်၌ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်နေသည့် နိုင်ငံတစ်ခုဖြစ်သည်။

AFP သတင်းဌာန ၏ China announces plan to boost energy efficiency ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment