Transparency Myanmar

transparency.myanmar@gmail.com

လာမည့် ဇန်နဝါရီလတွင်ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတ မာဟင်ဒါ ရာဂျာပါစကာ နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသီရိလင်္ကာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်စီကာက အတည်ပြုပြောကြားသည်။  

ဗိုလ်ချုပ်ကြီး ဆာရတ်သည် လပေါင်းများစွာ သမ္မတ မာဟင်ဒါနှင့် ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် မကြာသေးခင် နိုဝင်ဘာ လလယ်လောက်တွင် ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ နုတ်ထွက်လိုက်သည်။ ၎င်းသည် ပြီးခဲ့သည့် မေလက တမီလ်ကျား သူပုန်များကို နှိမ်နင်းဖြိုခွင်းရာ၌ အဓိက ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်သောကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ ပြုလုပ်ရာတွင် အလားအလာ ကောင်းလျက်ရှိသည်။ 

တမီလ်ကျား သူပုန်များ ခိုအောင်းရာ သိရိလင်္ကာ မြောက်ပိုင်းဒေသရှိ တောတွင်းနေရာများသို့ တပ်စိတ်ငယ်များခွဲကာ ဝင်ရောက် နှိမ်နင်းခဲ့သောကြောင့် ဗိုလ်ချုပ်ကြီးဆာရတ်မှာ အများနှင့် မတူသော စစ်မဟာဗျူဟာ ရေးဆွဲချမှတ်နိုင်သူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အဆိုပါ တမီလ်ကျား သူပုန်များသည် သီရိလင်္ကာ အစိုးရအား နှစ်ပေါင်း ၂၀ ခန့် ပုန်ကန်တိုက်ခိုက်ခဲ့သည်။

"ကျွန်တော်တို့တတွေ အကြမ်းဖက် သမားတွေဖြစ်တဲ့ တမီလ်သူပုန်တွေကို နှိမ်နင်း တိုက်ထုတ် ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခုကျန်ပါသေးတယ်။ အာဏာရှင်ဆန်တဲ့ သမ္မတရဲ့လက်ထဲမှာ ကျွန်တော်တို့ရဲ့ သီရိလင်္ကာနိုင်ငံကြီးကို မထားရစ်ခဲ့နိုင်ပါဘူး" ဟု ၎င်းက သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသည်။ 

ဗိုလ်ချုပ်ကြီး ဆာရတ်သည် တမီလ်ကျား သူပုန်များ နှိမ်နင်းပြီး နောက်ပိုင်းတွင် သမ္မတ မာဟင်ဒါနှင့် ဆက်ဆံရေး တင်းမာလာသည်။ ကာကွယ်ရေး ဦးစီးချုပ် ရာထူးမှ နုတ်ထွက်လိုက်ပြီး နောက်ပိုင်း သမ္မတမာဟင်ဒါကို ဗိုလ်ချုပ်ကြီးက သီရိလင်္ကာ၏ ဒီမိုကရေစီကို ပျက်သုန်းအောင် ပြုလုပ်သူအဖြစ် ဆက်တိုက်ဆိုသလို စွပ်စွဲပြောဆိုခဲ့သည်။

သို့သော် ဝေဖန်ရေးသမား အချို့က ဗိုလ်ချုပ်ကြီး ဆာရတ်၏ စစ်မဟာဗျူဟာဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှုသည် သိရိလင်္ကာ အရပ်သား အတော်များများကို ထိခိုက် သေဆုံးစေခဲ့ကြောင်း ပြစ်တင် ပြောဆိုကြသည်။ 

ကုလသမဂ္ဂ၏ အဆိုအရ သီရိလင်္ကာနိုင်ငံတွင် တမီကျား သူပုန်များနှင့် အစိုးရစစ်တပ်အကြား နောက်ဆုံးဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း သေဆုံးသူ အရပ်သား ၇၀၀၀ ခန့်ရှိကြောင်း သိရသည်။ တမီလ်ကျား သူပုန်များသည် သိရိလင်္ကာ နိုင်ငံမှ ခွဲထွက်ရေး အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အနောက်နိုင်ငံများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက သီရိလင်္ကာ အစိုးရနှင့် တမီလ်ကျား သူပုန်များအား အရပ်သားများအပေါ် စစ်မက်ဖြင့် ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် စွပ်စွဲပြောဆိုပြီး လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့များအား နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း သီရိလင်္ကာအစိုးရက ငြင်းပယ်ခဲ့သည်။

တမီလ်ကျား သူပုန်တို့နှင့် အစိုးရ စစ်တပ်အကြား တိုက်ပွဲ ပြီးဆုံးသောအခါ တမီလ် အရပ်သား သုံးသိန်း ခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ ၎င်းတို့အား အစိုးရက ဒုက္ခသည် စခန်းများတွင် ထားရှိသော်လည်း စားဝတ်နေရေး လွန်စွာ ဆင်းရဲ ခံခဲ့ရကြောင်း လူ့အခွင့်အရေး သမားများက ပြောသည်။ 

New York Times သတင်းစာ၏ Sri Lankan who led fight against Tamils seeks Presidency ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment