Transparency Myanmar

transparency.myanmar@gmail.com

Interconnetionworld.com,By Macan - Markar , Marwaan,(2 Dec 2009)

        မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် နိုဝင်ဘာလ ၂၃ မှ ၂၇ ရက်နေ့ထိ စစ်တပ်မှ အရာရှိကြီးများ၊ ၂၀၀ ခန့် တက်ရောက်သော အစည်းအဝေး ကျင်းပခဲ့ပါသည်ဟု ချင်းမိုင် Payap တက္ကသိုလ်မှ မြန်မာ့အမျိုးသား လုံခြုံရေး ကျွမ်းကျင်သူ ကိုဝင်းမင်းက ပြောကြားပါသည်။

          ဗိုလ်ချုပ်မှူးကြီးသည် အဆိုပါ အစည်းအဝေးကို လေးလတစ်ကြိမ် ပုံမှန်ကျင်းပပြီး၊ တိုင်းမှူးများ၊ တပ်မမှူးများ၊ ဝန်ကြီးများ၊ ဗိုလ်မှူးချုပ် အဆင့်ရှိသူများ တက်ရောက်ကြသည်ဟု ၎င်းက ပြောပါသည်။

          အဆိုပါ အစည်းအဝေးမှ အရေးကြီးသော မူဝါဒများကို ချမှတ်လေ့ရှိပါသည်။ သို့သော် သန်းရွှေသည် ပြည်သူလူထုကို မှန်းဆချက် အမျိုးမျိုး ပြုလုပ်စေပြီး နောက်ဆုံးအချိန်မှ အရေးကြီးသော အကြောင်းအရာများကို ထုတ်ပြန်လေ့ ရှိပါသည်။ ပြည်သူလူကို အံသြစေလိုသည့် သဘောရှိပါသည်။ ဤသည်မှာ သန်းရွှေ၏ စစ်ရေးဆိုင်ရာ အတွေးအခေါ် ဖြစ်လိမ့်မည် ဖြစ်ပါသည်။

          ယခု ပြီးခဲ့သည့် အစည်းအဝေးအပြီးတွင်လည်း မြန်မာနိုင်ငံအ ရေးနှင့် ပတ်သက်နေသူ သံတမန် များသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အရာရှိများကို နိုင်ငံရေးလိုင်းသို့ ပြောင်းရန် ဗိုလ်ချုပ်မှူးကြီးက ထုတ်ပြန်မည့် အမိန့်ကို စောင့်စားလျက် ရှိကြပါသည်။ တပ်မတော်အရာရှိကြီးများ ယူနီဖောင်းချွတ်ရန် အမိန့်မှာ အရေးပါလိမ့်မည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အာရှမှ သံတမန်တစ်ဦးက IPS သို့ ပြောကြားခဲ့ပါသည်။ ယူနီဖောင်း ချွတ်မည့်သူများတွင် မည်သူတွေ ပါဝင်မလဲ ဆိုသည်မှာ ပေါ်လာလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

          အခြားသေချာသော လက္ခဏာတစ်ခုမှာ ရွေးကောက်ပွဲအတွက် ဥပဒေ ၂ ခုကို ထုတ်ပြန်ပေး ရမည် ဖြစ်ပါသည်။ ၎င်းတို့မှာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ကြီးကြပ်မည့် ဥပဒေတို့ ဖြစ်ပါသည်ဟု အဆိုပါ သံတမန်က ထည့်သွင်း ပြောကြားသွားပါသည်။

          ယခုအချိန်အထိမူ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီအတွက် ရွေးကောက်ပွဲ ပြုလုပ်ပေးရန်မှာ နှုတ်အားဖြင့် အာမခံမှုများသာ တွေ့ရှိနေရသေးပါသည်။

          ပြီးခဲ့သော သောကြာနေ့က နေပြည်တော်တွင် တပ်မတော် လေးလပတ်အစည်းအဝေးနှင့် ချိန်ကိုက် ကျင်းပသော ကြံ့ခိုင်ရေးအသင်း (USDA) အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အထက်ပါ ကတိကို ထပ်မံ ပြောကြားခဲ့ပြန်ပါသည်။

          အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲဝင်မည့် ပါတီများကို သတိပေးခဲ့ရာတွင် အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင့် တိုင်းပြည် မပြိုကွဲမှုအတွက် ဂရုပြုရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း (USDA) ၏ စစ်တပ်၏ အရပ်သား လက်ကိုင်တုတ်ဖြစ်ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဖြစ်စဉ်မျိုးကို ရှောင်းရှားရန် USDA သည် ရွေးကောက်ပွဲတွင် အဓိက အခန်းကဏ္ဍ မှ ပါဝင် ကပြလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနိုင်ရခဲ့သော်လည်း အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် USDA ၏ အကြီးအကဲ ဖြစ်ပါသည်။

          ၂၀၀၈ ခုနှစ် မေလက အတည်ပြုထားသော အခြေခံဥပဒေအသစ်သည် ရွေးကောက်ပွဲ အပြီးတွင်လည်း စစ်တပ်မှ အာဏာ ဆက်လက် ချုပ်ကိုင်ထားနိုင်ရန် သေချာစေသည့် လက္ခဏာတစ်ခု ဖြစ်ပါသည်။ မြန်မာစစ်တပ်သည် အင်အား ၄၅၀၀၀၀ ခန့် ရှိပြီး ရွေးကောက်ပွဲအပြီး ဥပဒေပြု အဖွဲ့အစည်းများတွင် ကျေးရွာအဆင့်မှ နိုင်ငံတော်အဆင့်အထိ ၂၅ % သော နေရာကို ရယူထားပြီး ဖြစ်ပါသည်။

          အနောက်နိုင်ငံ အစိုးရများသည် အထက်ပါ ဒီမိုကရေစီနှင့် မညီညွှတ်သော လက္ခဏာများကို တွေ့နေရသော်လည်း၊ ၎င်းတို့သည် စစ်အစိုးနှင့် ဆက်ဆံရေး လမ်းကြောင်းများ ဖွင့်လျက် ရှိပါသည်။ သို့သော် အမေရိကန်ရော အီးယူကပါ မြန်မာနိုင်ငံအား မနှစ်သက်သော မူဝါဒကို ပြသရန် အရေးယူ ပိတ်ဆို့မှုများကို ယခင်အတိုင်း ဆက်လက် ထားရှိပါသည်။

          မြန်မာနိုင်ငံ၏ လိပ်ခဲတည်းလည်း ဖြစ်နေသော နိုင်ငံရေး အခြေအနေတွင် အခွင့်အလမ်း အသစ်များ ထွက်ပေါ်လာနေကြောင်း EU ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Piero Fassino က သောကြာနေ့က ၎င်း၏ အရှေ့တောင်အာရှ မစ်ရှင်အပြီး ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

          သမ္မတ Obama အစိုးရ၏ မြန်မာနိုင်ငံအပေါ် ပျော့ပြောင်းလာသော သဘောထားအပေါ် Fassino ၏ အမြင်ကို ထည့်သွင်း ဖော်ပြထားပါသည်။ ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလက စင်ကာပူ ဒေသတွင်း ထိပ်သီး ညီလာခံတွင် အမေရိကန် ခေါင်းဆောင်အနေဖြင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံရန် မူဝါဒ ပြောင်းလဲခဲ့မှုကိုလည်း ထည့်သွင်း ရေးသားထားပါသည်။

          အဆိုပါ Obama ၏ တွေ့ဆုံမှုမတိုင်မီ အမေရိကန်၏ အဆင့်မြင့်ကိုယ်စားလှယ် Kurt Campbell ခေါင်းဆောင်သော အဖွဲ့သည် ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်သွား ရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်ဘက်မှလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့် ရရန် စာရေး တောင်းဆိုထားပါသည်။ ထို့အပြင် သူမအနေဖြင့် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်အား ထက်သန်မှုအား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၂၀၀၂ ခုနှစ်က ရန်ကုန်တွင် နောက်ဆုံး တွေ့ဆုံခဲ့ပါသည်။ သို့သော် သူမသည် အစိုးရ ဆက်ဆံရေးဝန်ကြီးနှင့် ခုနှစ်ကြိမ် တွေ့ဆုံခဲ့ပြီး၊ နောက်ဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် အောက်တိုဘာလက တွေ့ဆုံခဲ့ပါသည်။

          နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ပြီးခဲ့သည့် စစ်တပ်ခေါင်းဆောင်ပိုင်း အစည်းအဝေးကြောင့် ထွက်ပေါ်လာမည့် ပြောင်းလဲမှုများကို စဉ်းစား တွေးတောလျက် ရှိကြပါသည်။

          အစိုးရအနေဖြင့် ယခုအပတ် အစည်းအဝေးမှ ပြောင်းလဲ ဖြစ်ပေါ်မှုများကို ထုတ်ပြန်ရလိမ့်မည် ဖြစ်သည်ဟု NCGUB မှ သတင်းနှင့် ပြန်ကြားရေး ဒါရိုက်တာ ဇင်လင်းက ပြောပါသည်။

          နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြောင်းလဲမှုအတွက် မျှော်လင့်နေမှုများသည် အစိုးရအပေါ် ဖိအား အချို့ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ဇင်လင်းက IPS သို့ ပြောကြားပါသည်။ တပ်မတော် အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သို့ဆက်ဆံမည် ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်သလို လာမည့် ရွေးကောက်ပွဲနှစ်တွင် တိုင်းပြည်၏ နိုင်ငံရေးကိစ္စများကို မည်သို့ ကိုင်တွယ်မည် ဆိုသည်ကိုလည်း ဆုံးဖြတ် ရလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသွားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment