Transparency Myanmar

transparency.myanmar@gmail.com

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြတ်သန်းပြီး အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမည့် ကိစ္စသည် လာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း အကောင်အထည် ပေါ်လာဖွယ် ရှိကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကြည်သိန်းက ကာလကတ္တားမြို့တွင် ပြောကြားသည်။

"ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနိုင်ဖို့အတွက် လုပ်ရမယ့် အချို့အဆင့်တွေက လာမယ့် နှစ်နှစ်ကနေ သုံးနှစ်လောက် အတွင်းမှာ စတင်နိုင်မှာပါ" ဟု ၎င်းက ပြောသည်။

"မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ GAIL (Gas Authority of India Ltd) Eassar ONGC IOC (India oil Co) စတဲ့ စွမ်းအင်ကုမ္ပဏီကြီးတွေ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ပြီးတာနဲ့ စတင်နိုင်မှာပါ" ဟု ဦးကြည်သိန်းက ပြောသည်။

"ဓာတ်ငွေ့ရှာဖွေ တူးဖော်ရေး လုပ်ငန်းတွေကတော့ စတင်နေပါပြီ" ဟု ၎င်းက ကာလကတ္တားတွင် အိန္ဒိယ ကုန်သည်ကြီးများအသင်းက ကြီးမှူး ကျင်းပသော ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

ယခု နှစ်ဆန်းပိုင်းတွင် တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ၁၁၀၀ ကီလိုမီတာ ရှည်လျားသော ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ အကြား ကုန်သွယ်မှုမှာ ၂၀၀၈ - ၀၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၅၁ သန်းခန့် ရှိခဲ့ရာ လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ၁ ဘီလျံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

"မြန်မာနိုင်ငံကနေ အိန္ဒိယကို အဓိက တင်ပို့တာတွေကတော့ ပဲ၊ ကျွန်းသစ်နှင့် သစ်မာတို့ ဖြစ်ပြီး အိန္ဒိယဘက်ကနေ သံမဏိ၊ ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ဆေးဝါး စတာတွေ ပြန်သွင်းပါတယ်" ဟု သံအမတ်ကြီး ဦးကြည်သိန်းက ဆိုသည်။

အိန္ဒိယသည် မြန်မာနိုင်ငံအတွက် စတုတ္ထ အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံတစ်ခု ဖြစ်သည်။

IANS သတင်းဌာန၏ India-Myanmar gas pipeline in few years ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment