Transparency Myanmar

transparency.myanmar@gmail.com

BBC News,1 - Dec - 2009

        မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ငွေကြေး (ဝမ်) ကို တန်ဖိုး ပြန်လည် သတ်မှတ်ရန် လုပ်ဆောင်နေပါသည်။

          တန်ဖိုး ကျဆင်းနေသော "ဝမ်" ငွေစက္ကူကို သုည နှစ်လုံး ဖြုတ်ပစ်သည့် (တန်ဖိုး အဆတစ်ရာ မြှင့်တင်မည့်) အစီအစဉ်သည် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်နေပါသည်။

          ၎င်း၏ အိမ်နီးချင်းဖြစ်သော  တရုတ်ပြည် အရှေ့မြောက်ဒေသရှိ မြောက်ကိုရီးယား ကုန်သည်များထံမှ ယခု သတင်းကို ကြားသိရခြင်း ဖြစ်သည်။

          မီဒီယာများတွင် ဖေါ်ပြနေသော ယခုသတင်းကို ပြုံယမ်း အစိုးရနှင့် တောင်ကိုရီးယား အစိုးရများက အတည်ပြုခြင်း မရှိသေးပါ။

          ဤသတင်း မှန်ကန်ပါက မြောက်ကိုရီးယား ငွေစက္ကူသည် သုည ဂဏန်း (၂) လုံး ပြုတ်သွားမည် ဖြစ်၍ (၇ ဒေါ်လာ = ၄.၂ ယူရို) တန်ဖိုးရှိ ဝမ် (၁၀၀၀) သည် (၁၀) ဝမ် ဖြစ်သွားပါလိမ့် မည်။

          ယခု သတင်းကို ကြားသိရသော မြောက်ကိုရီးယား နိုင်ငံသားများသည် ၎င်းတို့ ကိုယ်ပိုင် ဝမ်ငွေများကို တရုတ် ယွမ်၊ အမေရိကန် ဒေါ်လာတို့နှင့် မှောင်ခိုဈေးကွက်တွင် လဲလှယ်နေကြသည်ဟု သိရပါသည်။

          ယခု အစီအစဉ်သည် ဆင်းရဲ နွမ်းပါးလှသော နိုင်ငံတွင်းရှိ ငွေဖောင်းပွမှုကို ကိုင်တွယ် ဆောင်ရွက်ရန် ရည်ရွယ်ပုံရသည်ဟု ကျွမ်းကျင်သူများက ပြောပါသည်။

          သို့ရာတွင် ဤကိစ္စသည် နိုင်ငံရေးအရ ရည်ရွယ် လှုပ်ရှားမှု တစ်ခုလည်း ဖြစ်နိုင်ပါသည်။ မြောက်ကိုရီးယား နိုင်ငံသားများက ငွေစက္ကူ အဟောင်းနှင့် ငွေစက္ကူ အသစ်ကို လဲလှယ်သည့် အချိန်တွင် နိုင်ငံတွင်း လည်ပတ်နေသည့် ငွေပမာဏကို အစိုးရက သိရှိနိုင်မည် ဖြစ်ပါသည်။

          ယခု သတင်းသည် သာမန် ပြည်သူများအပေါ် အစိုးရ၏ ထိန်းချုပ်မှု ပိုမို ခိုင်မာရန် အထောက်အကူ ပြုနိုင်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment