Transparency Myanmar

transparency.myanmar@gmail.com

လာမည့် ၂၀၁၀ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် နိုင်ငံတကာနှင့် မြန်မာနိုင်ငံအကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ပေါ်ထွန်းလာအောင် ပြုလုပ် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာထိပ်တန်း သံတမန်တစ်ဦးက ခန့်မှန်း ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် အိန္ဒိယ ကုန်သည်ကြီးများအသင်းက ကြီးမှူး ကျင်းပသော အစည်းအဝေး၌ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကြည်သိန်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်ပါသည်။

"လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အမေရိကန်နဲ့ အီးယူတို့က မြန်မာနိုင်ငံအပေါ် သဘောထား ပြောင်းလဲလာလိမ့်မယ်လို့ ကောင်းစွာ မျှော်လင့် ပါတယ်" ဟု ၎င်းက ရွေးကောက်ပွဲအပေါ် အပြုသဘော ဆောင်သည့် အမြင်ဖြင့် ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများကို ကျယ်ပြန့်သော အတိုင်းအတာဖြင့် ပြုလုပ်လျက် ရှိသည်။ ထိုအထဲတွင် နောက်ထပ် ရင်းနှီး မြှုပ်နှံမှု အသစ်များကို ကန့်သတ် ပိတ်ပင်သည့် မူဝါဒများလည်း ပါဝင်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများ အားလုံးကိုလည်း တင်သွင်းခွင့် မပြုရန် ပိတ်ပင်ထားသည်။ ထို့ပြင် မြန်မာ စီးပွားရေးလုပ်ငန်းများမှ ငွေလွှဲပြောင်းမှုများ အားလုံးကို ပိတ်ပင်သည့် မူဝါဒပါ သတ်မှတ် ပြဋ္ဌာန်းထားသည်။ 

အီးယူကလည်း မြန်မာနိုင်ငံ တပ်မတော်အစိုးရ၏ အပေါင်းအပါ ပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းစုများကို ပိတ်ဆို့သည့် မူဝါဒများကို ပြဋ္ဌာန်းထားသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးတွင် ဒိုင်ယာလော့ခ် ပြုလုပ်မှု မရှိသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ပြောင်းလဲမှုများ ထွက်ပေါ်လာမည်ဟု မျှော်လင့်မိကြောင်း သံအမတ်ကြီး ဦးကြည်သိန်းက ဆိုသည်။

အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများသည် နိုင်ငံရေး အခြေအနေပေါ်တွင် မှီခိုနေခြင်း မရှိပါကြောင်း ၎င်းက ဆိုသည်။

"အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ၂၀၀၈-၀၉ ခုနှစ်များမှာ အမေရိကန် ဒေါ်လာ ၉၅၁ သန်း တန်ဖိုးထိ ရှိခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသော အိန္ဒိယ စွမ်းအင်ကုမ္ပဏီများသည် ဓာတ်ငွေ့ ရှာဖွေတူးဖော်သည့် လုပ်ငန်းစဉ်များကို အပြီးသတ် ဆောင်ရွက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုမှာ လာမည့် နှစ်နှစ်အတွင်း စတင် အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ဦးကြည်သိန်းက ဆိုသည်။

Business Standard ဝက်ဘ်ဆိုက်မှ Myanmar hopes polls will herald better ties with all ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment