Transparency Myanmar

transparency.myanmar@gmail.com

The Associated Press,28-Nov-2009

          ဒူဘိုင်းသည် နှစ်ပေါင်းများစွာ ရပ်တန့်လို့ မရလောက်အောင်ပင် တိုးတက်ခဲ့ပါသည်။ သဲကန္တရထဲမှ အိုအေစစ်ဖြစ်ပြီး အားကစားရုံတွင်း စကိတ်စီးရန် ရေခဲပြင်များ၊ လုပ်ယူထားသော ကျွန်းများ၊ ကမ္ဘာ့ အမြင့်ဆုံးအဆောက်အဦး စသည်ဖြင့် စိတ်ကူးသမျှ အကောင်အထည် ဖော်နိုင်ခဲ့သည်။

          ယခုအချိန်တွင်တော့ ဒူဘိုင်း၏ တည်ဆောက်မှုများသည် ချေးငွေများဖြင့် တည်ဆောက်ထား သောကြောင့် အခြားပင်လယ်ကွေ့ အာရပ်နိုင်ငံများသို့ သက်ရောက်မှုများ ရှိလာနိုင်ရာ ခြိမ်းခြောက်လျက် ရှိနေပါသည်။

          ကုမ္ပဏီများ စုပေါင်းထားသော နိုင်ငံပိုင် Dubai World သည် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကို ပြန်ပေးရေးအတွက် ခေတ္တ ဆိုင်းငံ့ပေးရန် ပြောကြားလာခဲ့ပါသည်။ ကြွေးရှင်များအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ငွေးရေးကြေးရေးကိစ္စတွင် ရှေးကျသော အယူအဆရှိသူများကို ဒူဘိုင်းတွင် ရင်းနှီး မြှုပ်နှံရန် မသေချာ မရေရာကြောင်း ပြောကြလိမ့်မည် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ပြောပါသည်။

          အထက်ပါ ကြေညာချက်သည် ဒေသတွင်းရှိ နိုင်ငံတိုင်းကို အကောင်းရော အဆိုးပါ သက်ရောက်မှုများ ရှိကြောင်း ဆော်ဒီအာရေဗျ အခြေစိုက် Banque Saudi Fransi-Credit Agricole အုပ်စုမှ စီးပွားရေး အရာရှိချုပ် John Sfakianakis က ဆိုပါသည်။

          ယခု အချိန်ထိတော့ မိမိတို့သည် အကျိုးသက်ရောက်မှုများကို စောင့်ကြည့်လျက် ရှိနေကြောင်း အကျိုးသက်ရောက်မှုမှာ အနုတ်လက္ခဏာ ဆောင်လိမ့်မည်ဟု လူတိုင်းက ခံယူနေကြသည်ဟု Stakianakis က ပြောပါသည်။

          ဒူဘိုင်းနှင့် အခြား ပင်လယ်ကွေ့နိုင်ငံများမှ ခေါင်းဆောင်များသည် ၎င်းတို့၏ ငွေရေးကြေးရေး ကိစ္စများနှင့် ပတ်သက်သော သတင်းများကို တင်းကြပ်စွာ ချုပ်ကိုင်ထားကြသည်။ ရင်းနှီး မြှုပ်နှံမှုအတွက် ဒေါ်လာငွေ ဘီလီယံရာနှင့် ချီ၍ ချေးယူထားသည့်တိုင်၊ ဆက်လက် ချေးယူရန် ညှိနှိုင်းနေဆဲ ဖြစ်ပါသည်။

          ယခုနှစ် အစောပိုင်းက အာရှ၏ စီးပွားရေး ဈေးကွက်ကြီးဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ အုပ်စုနှစ်စုသည် ဒေါ်လာ ၂၂ ဘီလီယံ ကြွေးကိစ္စကို ကြုံတွေ့ခဲ့ရပါသည်ကို အနည်းငယ်ကသာ သိရှိလိုက်သည်။ သို့သော် သတင်း ထွက်လာသောအခါ ကုမ္ပဏီနှစ်ခု တရားရုံးတွင်  တစ်ဦးကို တစ်ဦး ငွေရလိုမှုနှင့် တရားစွဲခြင်းသာ ဖြစ်ကြောင်း ဆိုခဲ့ပါသည်။

          နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် တစ်ချိန်က ပင်လယ်ကွေ့နိုင်ငံများတွင် ရေနံကြွယ်ဝမှု ကြောင့် လောင်းကစားဆန်ဆန် ရင်းနှီးမြှုပ်နှံရန် စိတ်အား ထက်သန်ကြသော်လည်း၊ ကမ္ဘာ့ငွေကြေး အရည်ပျော်မှုကြောင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု လျော့ကျလာခဲ့ပါသည်။ ယခု ဒူဘိုင်းပြဿနာသည်  ရင်းနှီး မြှုပ်နှံသူများ၏ စိုးရိမ်မှုများကို ပိုမို မြင့်မားလာစေမည် ဖြစ်သည်ဟု လေ့လာသူများက ဆိုပါသည်။

          နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများကို ခွဲခြား သတ်မှတ်ရာတွင် ရေနံထွက်သည့် နိုင်ငံနှင့် မထွက်သည့် နိုင်ငံပေါ် အခြေခံ၍ ခွဲခြား လာကြလိမ့်မည် ဖြစ်သည်ဟု Washington Institute for Near East Policy မှ ပင်လယ်ကွေ့စွမ်းအင် ပညာရှင် Simon Henderson က ပြောပါသည်။

          ဆော်ဒီအာရေဗျ၊ ကာတာနှင့် ဒူဘိုင်း၏ အိမ်နီးချင်း အမ်းမရိတ်ဖြစ်သော အဘူဒါဘီတို့နှင့် မတူဘဲ ဒူဘိုင်းသည် ရေနံ ကြွယ်ဝမှုတွင် နည်းပါသည်။ အစိုးရ ထောက်ပံ့ထားသော Dubai Inc သည် Dubai မြို့နိုင်ငံ၏ တိုးတက်မှုကို လူအထင်ကြီးစေရန် ခရက်ဒစ် ဈေးကွက်တစ်ခုကို တည်ထောင်ခဲ့ပါသည်။

          ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းက United Arab Emirates အဖြစ် ပေါင်းစည်းထားသော အစိတ်အပိုင်း ခုနှစ်ခုအနက်မှ အမ်းမရိတ်ငယ်လေးဖြစ်သော Dubai သည် ဒေသတွင်း ငွေကြေးဆိုင်ရာ ဗဟိုအဖြစ် အသွင်းပြောင်း၍ ကမ္ဘာ့လှည့်ခရီးသည်များ နိုင်ငံခြားသား အလုပ်သမားများကို ဆွဲဆောင်ခဲ့ပါ သည်။

          Dubai သည် မိုးမျှော် အဆောက်အဦများ၊ ရုံတွင်းစကီးစီးရန် ရေခဲပြင်များ၊ လုပ်ယူထားသည့် ကျွန်းများ ပြုလုပ်ကာ ဒေသတွင်း အဆင်သင့် လူနေမှုစနစ်ကို မိတ်ဆက်ပေးပြီး UAE တွင်မက ဒေသတွင်းကပါ မနာလိုချင်စရာ ဖြစ်ပေသည်။ Dubai ၏ ကမ္ဘာ့အကြီးဆုံး မိုးမျှော် အဆောက်အဦ Burj Dubai ကို ဇန်နဝါလတွင် ဖွင့်လှစ်ရန် ရှိပါသည်။

          ကမ္ဘာ့ငွေကြေး အကျပ်အတည်းသည် Dubai ၏ အိပ်မက်များကို လမ်းချော်သွားစေခဲ့သည်။ ပစ္စည်းဈေးနှုန်းများသည် မနှစ်ကတည်းက ၅၀ % ခန့် ထိုးကျခဲ့ပါသည်။ စီမံကိန်းများ ဖျက်သိမ်းခြင်း၊ နိုင်ငံခြားသား အလုပ်သမားများ အစုလိုက် ပြန်သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ယနေ့ အခြေအနေတွင် အဆောက်အဦများသည် မပြီးဘဲ တစ်ပိုင်းတစ ရှိနေပြီး တိုက်ခန်းများမှာလည်း မရောင်းရဘဲ ရှိနေပါသည်။

          ပြီးခဲ့သည့် သောကြာနေ့က Dubai သည် ၎င်းပေးရန် ရှိသည့် အကြွေးများကို ခြောက်လ အနည်းဆုံး ဆိုင်းငံ့ပေးရန် ကြေညာခဲ့ရာ ကမ္ဘာ့တစ်ဝှမ်းကို တုန်လှုပ်စေခဲ့ပါသည်။ ရေနံဈေးနှုန်းမှာလည်း တစ်စည်လျှင် ၇၄ ဒေါ်လာ ရှိခဲ့ရာ၊ အာရှဈေးကွက်အတွက် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ကျဆင်းခြင်း ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် Daw Jones Industrials သည် ပွိုင့် ၁၅၀ ကျော် ရှုံးလေသည်။

          ဒူဘိုင်း၏ ကြွေးမြီအားလုံး၏ ပမာဏသည် ဒေါ်လာ ၈၀ ဘီလီယံ ရှိမည်ဟု ခန့်မှန်းရပြီး၊ ၎င်း ကြေညာချက်သည် အမ်းမရိတ်၏ ငွေကြေးဆိုင်ရာ ကျန်းမာရေး အခြေအနေအတွက် စိုးရိမ်ရကြောင်း ညွှန်ပြလိုက်ခြင်း ဖြစ်ပါသည်။

          နောက်ပိုင်းတွင် အမ်းမရိတ်၏ ထိပ်တန်း ငွေကြေးဆိုင်ရာ အာဏာပိုင်တစ်ဦးက မှတ်ချက်ပြုရာတွင် ဒူဘိုင်း၏ ဆိုင်းငံ့ရန် တောင်းဆိုမှုမှာ ထိခိုက်မှု နည်းပါးအောင် စဉ်းစား၍ ပြုလုပ်လိုက်သော ဆုံးဖြတ်ချက်ကောင်းတစ်ခု ဖြစ်ကြောင်း ပြောပါသည်။

          Henderson က ပြောကြားရာတွင်မူ အမေရိကန်တွင် Thanksgiving အတွက် အကြိုနေ့၊ အစ္စလာမ်ဘာသာအတွက် အီးဒ်နေ့ မတိုင်မီ သုံးရက်အလိုတွင် ဆုံးဖြတ်ချက် ကြေညာခဲ့ခြင်းမှာမူ မကောင်းပါကြောင်း ပြောဆိုသွားပါသည်။

          ယခုအပြုအမူသည် ပုဂ္ဂိုလ်ရေး ထိပါးမှုတစ်ရပ် ဖြစ်သည်ဟု ကမ္ဘာ့ငွေကြေး အသိုင်းအဝိုင်းက ယူဆလိမ့်မည်ဟု ၎င်းတို့ သဘောမပေါက်ခဲ့ ဆိုသည်မှာ မဖြစ်နိုင်ကြောင်း Hender က ပြောပါသည်။ ကြွေးရှင်များက စာနာစိတ် မရှိခဲ့လျှင်လည်း အံ့သြစရာ မရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ပါသည်။

          ယခုကိစ္စအတွက် ဒူဘိုင်းအာဏာပိုင်များက အသေးစိတ် ရှင်းလင်းရန် ပျက်ကွက်ခဲ့ရာ ကြွေးမြီ ပြဿနာအတွက် စိုးရိမ်မှုများကို ပိုမို လာစေပါသည်။ လွန်ခဲ့သော လများက ဒူဘိုင်း၏ စိုးရိမ်မှုများ မဖြစ်ပေါ်အောင် အာမခံခဲ့မှုများသည် ကြီးမားသော ပြဿနာကို ဖုံးကွယ်လို၍ ဖြစ်ကြောင်း ယခု ကြေညာချက် ထွက်မှ သဘောပေါက်ကြရပါသည်။

          လူအများသည် ပြဿနာ၏ အသေးစိတ်ကို မသိလေလေ စိုးရိမ်ပူပန်မှု များလေလေဖြစ်ကြောင်း လန်ဒန်အခြေစိုက် Economist Intelligence Unit မှ ပင်လယ်ကွေ့ စီးပွားရေး ကျွမ်းကျင်သူ Jane Kinninmont က ပြောပါသည်။

          ဒူဘိုင်းအပေါ် ငွေကြေးအကျပ်အတည်း၏ ရိုက်ခတ်မှုအား အကဲဖြတ်ရန် စီးပွားရေးနှင့် ဆိုင်သော အချက်အလက်များ အမှန်တကယ် မပြည့်စုံကြောင်း Kinninmont က ဆက်ပြောပါသည်။

          ယခုနှစ် အစောပိုင်းက အဘူဒါဘီ အများစုပိုင်သော ဘဏ် ၂ ခုသည် ဒေါ်လာ ဘီလီယံ ၂၀ အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ဒေါ်လာ ၁၅ ဘီလီယံ ဒူဘိုင်း ငွေတိုက်စာချုပ်များ ဝယ်ယူပေးခဲ့ပါသည်။ ဝေဖန်သုံးသပ်သူများက အဘူဒါဘီအနေဖြင့် ဒူဘိုင်း၏ ပိုင်ဆိုင်မှုအားလုံးကို ထောက်ပံ့မပေးမည်ကို စိုးရိမ်နေကြပါသည်။ နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့် ဒူဘိုင်းနှင့် အခြား ပင်လယ်ကွေ့ နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန် ပြန်လည် စဉ်းစားလိမ့်မည် ဖြစ်ပါသည်။ အဆိုပါနိုင်ငံများသည် သမိုင်းကြောင်းအရ ပွင့်ပွင့်လင်းလင်း မြင်သာထင်သာ မရှိလှပေ။

          အကျိုး သက်ရောက်မှုများကလည်း မြင်သာထင်သာ ရှိလာပြီ ဖြစ်ပါသည်။ Standard and Poor သည် ဒူဘိုင်း၏ ကြေညာချက်ကြောင့် ဒူဘိုင်းအစိုးရနှင့် ဆက်စပ်နေသော အချို့ အဖွဲ့အစည်းများကို အဆင့်နိမ့်၍ သတ်မှတ်လိုက်ပါသည်။

          Standard Poor မှ သုံးသပ်သူတစ်ဦးက မိမိတို့ဘက်မှ ကြည့်ပါက ဒူဘိုင်းအစိုးရသည် အစိုးရနှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများကို အချိန်မီ ငွေကြေး ထောက်ပံ့မှုများ ပေးရန် ပျက်ကွက်ခဲ့သည့် အတွက် မိမိတို့ဘက်မှ အလိုလျှောက် ပြင်ဆင်၍ အဆင့်နှိမ့် သတ်မှတ်ရခြင်း ဖြစ်ကြောင်း ပြောပါသည်။

          ဘာရိန်း အခြေစိုက် Gulf International Bank က ပြောကြားရာတွင် ၎င်း၏ ၅ နှစ်ငွေတိုက် စာချုပ် ဒေါ်လာ ၄ ဘီလံယံဖိုး ရောင်းချရေးကို ဆိုင်းငံ့ထားကြောင်း၊ ဝယ်ယူရန် အမှာစာ ၆၀ ခန့် ရရှိထားပြီး ဖြစ်ကြောင်း ဆိုပါသည်။

          ယခု နောက်ဆုံးသတင်းမှာ ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်ရသော အခြေအနေ ဖြစ်ကြောင်း၊ ခေါင်းလောင်း ထိုးလိုက်သလို ဖြစ်ကြောင်း သုံးသပ်သူများက ပြောပါသည်။

          ယခု ဒူဘိုင်း၏ လက်ရှိ ပြဿနာများသည် ငွေရေးကြေးရေး ပြဿနာ အသစ်တစ်ခု စတင်ခြင်း မဟုတ်ဘဲ၊ ကမ္ဘာ့အခြေပစ္စည်းများ ပူဖောင်းပေါက်ကွဲခြင်း၏ အချိန်လွန်နေသော အကျိုးဆက်များသာ ဖြစ်ကြောင်း Capital Economics ၏ သုတေသန စာတမ်းနိဂုံးချုပ်တွင် သောကြာနေ့က ဖော်ပြထားပါသည်။

          ဖြေရှင်းရန် ခက်ခဲသော ငွေကြေးနှင့် ဆိုင်သော ပြဿနာကို အရေးမကြီးဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ဒူဘိုင်းက ဆုံးဖြတ်ချက် လွယ်လွယ် ချမှတ်ခဲ့ခြင်းသည် မိမိတို့ကို ဒုက္ခဖြစ်စေကြောင်း ဝေဖန် သုံးသပ်သူများက ဆိုပါသည်။

          ဒူဘိုင်းစော်ဘွား Sheik Mohammed Bin Rashid AL-Maktoum က ဒူဘိုင်း၏ ငွေပေါ်အခြေ ပစ္စည်း (Liquidity) များနှင့် ပတ်သက်၍ စိုးရိမ်ရမှုများကို အခြေတစိုက် ငြင်းဆိုခဲ့ပါသည်။ ဒူဘိုင်းတွင် စီးပွားရေး ကျဆင်းမှု ဖြစ်နေသည်ဆိုသည်ကို လပေါင်းများစွာ ငြင်းဆိုခဲ့ပါသည်။ လွန်ခဲ့သော နှစ်လက ၎င်းက ဒူဘိုင်းကို ဝေဖန်သူများအား တိတ်တိတ်နေရန် ပြောဆိုခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment