Transparency Myanmar

transparency.myanmar@gmail.com

တရုတ်-မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် တည်ငြိမ်အေးချမ်းမှု ပေါ်ထွန်းအောင် ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံက တရုတ်ပြည်ကို ကတိကဝတ် ပြုလိုက်သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက နယ်စပ်ဒေသ မတည်မငြိမ် ဖြစ်ပွားခဲ့ပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည်ပေါင်းများစွာ ထွက်ပြေး ဝင်ရောက်သွားခဲ့သည့် ကိစ္စနှင့် ဆက်စပ်၍ ယင်းသို့ ကတိပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၊ မြို့တော်သစ် နေပြည်တော်သို့ တရုတ်နိုင်ငံ၊ ဒုတိယသမ္မတ Xi Jinping လာရောက် တွေ့ဆုံစဉ် စစ်အစိုးရ၏ နံပါတ်-၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုကို  ထိန်းသိမ်း သွားပါမည်ဟု ကတိကဝတ် ပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

"မြန်မာနိုင်ငံသည် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အမြဲပင် ကြိုးစား အားထုတ်နေသည့် အားလျော်စွာ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းသွားမည် ဖြစ်သည်" ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြောကြား ချက်ကို ကိုးကား၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

"တရုတ်နှင့် မြန်မာသည် ရှည်လျားသော နယ်စပ်ဒေသ တစ်လျှောက်ကို မျှဝေ ပိုင်ဆိုင်ထားသည်။ အဆိုပါ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးသည် နှစ်နိုင်ငံစလုံး အတွက် လွန်စွာ အရေးကြီးသည် ဟူသော အချက်ကို မြန်မာနိုင်ငံက ကောင်းစွာ နားလည် သဘောပေါက်သည်" ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လက မြန်မာစစ်အစိုးရသည် တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ဆယ်စုနှစ် တစ်ခုတာမျှ ခြေကုပ်ယူ နေထိုင်ခဲ့သော ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့အပေါ် ချေမှုန်း တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ယင်းဒေသတွင် နေထိုင်သူ ၃၇၀၀၀ ခန့်မှာ ဒုက္ခသည် အဖြစ် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။ ထို့နောက် မြန်မာစစ်အစိုးရ၏ အခိုင်မာဆုံး မိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံမှာ စိုးရိမ်မကင်း ဖြစ်ခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေးလည်း အေးခဲသွားသလို ဖြစ်ခဲ့ရသည်။

အဆိုပါ ကိစ္စ ဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်က ပြီးခဲ့သည့် လအနည်းငယ်အထိ ရှမ်းပြည်နယ်တွင် တပ်စွဲခဲ့သည်။ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားများ အဆိုအရ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရ လက်အောက်ခံ နယ်စပ်ဒေသ စောင့်တပ်အဖြစ် တာဝန်ယူ ဆောင်ရွက်စေလိုပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်စေလိုကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ Myanmar Pledges Stability ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment