Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 7th January 2010

မြန်မာ့ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် နာဂစ်မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ မနက်ဖြန် သွားရောက်မည်ဟု တပ်မတော် သတင်းရပ်ကွက်မှ ကြားသိရပါသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သွားရောက်မည့် နေရာများတွင် ဒေးဒရဲမြို့နယ် အတွင်းမှ ကျုံဒါးကျေးရွာလည်း ပါဝင်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဆောင်ရွက်ဆဲ တည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးမည် ဖြစ်ပါသည်။ ၂၀၀၉ နိုဝင်ဘာလက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာရောက် ကြည့်ရှုခဲ့သော ဒေသများကို အဓိက စစ်ဆေးကြည့်ရှုမည် ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ဧရာဝတီတိုင်း ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာဂစ်ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ တည်ဆောက်နေသော အဆောက်အဦးများ၊ ကျောင်းများကို ၂၀၁၀ မတ်လ (၃၁) ရက်တွင် အပြီးသတ် ဆောက်လုပ်ရန် သက်ဆိုင်ရာ အရာရှိများကို ညွှန်ကြားခဲ့ပါသည်။

ယခု တစ်ခေါက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သတ်မှတ်ရက် အမီ စီမံကိန်း လုပ်ငန်းများ ပြီးစီးရန် ကြည့်ရှု စစ်ဆေး တွန်းအားပေးရန် မျှော်လင့်ထားပါသည်။

အေရှားဝေါလ်၊ ရွှေသံလွင်၊ ထူးကုမ္ပဏီနှင့် T2TM ကုမ္ပဏီ စသော စစ်ဖက်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက တည်ဆောက်ရေး လုပ်ငန်းများကို အဓိက ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြစ်တင် ဝေဖန်မှုများ ရှိနေပြီး အဆောက်အဦးများ ပိုမို တည်ဆောက်ရန် လိုအပ် နေသေးသည်ဟု ညွှန်ပြမှု များစွာ ရှိနေပါသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လတ်တလောတွင် မြို့တော်ဟောင်း ရန်ကုန်သို့ ရောက်ရှိနေကာ ဇန်နဝါရီ (၄) ရက်က ကွယ်လွန်သွားခဲ့သော ၎င်း၏ ရင်းနှီးသော မိတ်ဆွေ၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မြသင်း၏ အသုဘ အခမ်းအနားသို့ တက်ရောက်နေပါသည်။

0 comments:

Post a Comment