Transparency Myanmar

transparency.myanmar@gmail.com

အနောက်တိုင်း သြစတြေးလျ နည်းပညာ ကုမ္ပဏီကြီး တစ်ခုသည် မြန်မာ အစိုးရအနေဖြင့် တိုင်းရင်းသား လူနည်းစုများ အပေါ် ဖိနှိပ်ရာတွင် အဆင်ပြေ ချောမွေ့မှု ရရှိစေရန် အလို့ငှာ Hi-Frequency စနစ်သုံး ရေဒီယို ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချလျက် ရှိကြောင်း သြစတြေးလျ နိုင်ငံရေး ပါတီကြီး တစ်ခု ဖြစ်သောGreen Party က ထုတ်ဖော် စွပ်စွဲလိုက်သည်။

မြန်မာစစ်အစိုးရကို Hi-Frequency စနစ်သုံး ရေဒီယို ဆက်သွယ်ရေး ပစ္စည်းများ ရောင်းချနေသည့် ကုမ္ပဏီမှာ Barrett Communications ဖြစ်ပြီး ဆက်သွယ်ရေး ပစ္စည်းများသည် လှိုင်းတို-လှိုင်းရှည်များကို ဖြတ်တောက် ပစ်နိုင်စွမ်း ရှိကြောင်း၊ အဆိုပါ ဆက်သွယ်ရေး ပစ္စည်းများတွင် ပါဝင်သော စနစ်မှာ ရေဒီယို လှိုင်း ကွန်ယက်အတွင်း ကြားဖြတ် နားဆင်ရန် လွန်စွာ ခက်ခဲကြောင်း Green Party မှ ဆီနိတ်တာ Scott Ludlam က ပြောကြားသည်။

အဆိုပါ ရေဒီယို ဆက်သွယ်ရေး စနစ်များသည် တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို နှိမ်နင်း တိုက်ခိုက်ရာ၌ များစွာ အထောက်အကူ ပြုနိုင်ကြောင်း Scott Ludlam က ဆိုသည်။

"နယ်စပ်ဒေသမှာ နေထိုင်တဲ့ သူတွေကို နှိပ်ကွပ်တဲ့ စစ်ဆင်ရေးတွေမှာ ဒီရေဒီယို ဆက်သွယ်ရေး စနစ်တွေက အရမ်းကို အသုံးဝင်ပါတယ်။ ဘယ်လိုလဲ ဆိုတော့ နယ်စပ်ဒေသမှာ နေထိုင်တဲ့ လူမျိုးစုတွေ အသုံးပြု နားဆင်တဲ့ ရေဒီယို လှိုင်းတွေကို ပြောင်းလဲပစ်ပြီး သူတို့ပေးချင်တဲ့ အစီအစဉ်တွေ ထည့်ပေးလို့ ရတယ်။ ဒီစနစ်က တော်တော်လည်း ထိရောက်တယ်။ ဘယ်သူမှ မသိအောင် တိတ်တဆိတ် လုပ်ကိုင်လို့လည်း ရတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ ရေဒီယို ဆက်သွယ်ရေး စနစ်များ စစ်အစိုးရထံသို့ တင်ပို့ ရောင်းချမှုများအား အမြန်ဆုံး ရပ်တန့်ရမည် ဖြစ်သည်ဟု ဆီနိတ်တာ Scott Ludlam က ပြောသည်။

"သြစတြေးလျနဲ့ မြန်မာနိုင်ငံအကြား ဒီလို ကုန်သွယ်မှု ပုံစံနှစ်မျိုး မရှိသင့်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အထူးသဖြင့် မြန်မာ စစ်အစိုးရနဲ့ သြစတြေးလျ နိုင်ငံအကြား ဒီလို ရေဒီယို ဆက်သွယ်ရေး စနစ်တွေ အရောင်းအဝယ် လုပ်တာမျိုး လုံးဝ မရှိသင့်ပါဘူး" ။

"မြန်မာစစ်အစိုးရဆိုတာ ရာဇဝတ်မှု ကျုးလွန်နေတဲ့ အစိုးရ စနစ် တစ်ခုပါပဲ။ အဲဒီတော့ ဒီကိစ္စဟာ လုံးဝကို တရားမဝင်ပါဘူး။ သြစတြေးလျ ကုမ္ပဏီတစ်ခု အနေနဲ့လည်း ဒီလို အစိုးရမျိုးနဲ့ စီးပွားရေး လုပ်တယ်ဆိုတာ လုံးဝကို သင့်တော်မှု မရှိပါဘူး" ဟု Scott Ludlam က ပြောပါသည်။

သို့သော် Barrett Communications ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ Phil Bradshaw က မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချနေသော ရေဒီယို ဆက်သွယ်ရေး ကိရိယာများတွင် ကြားဖြတ် အပြောင်းအလဲ ပြုလုပ်နိုင်သော စနစ်များ ပါဝင်ခြင်း မရှိပါကြောင်း Radio Australia သို့ တုံ့ပြန် ပြောဆိုသည်။

Radio Australia မှ Australian Greens calls for stop in radio equipment exports to Burma ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment