Transparency Myanmar

transparency.myanmar@gmail.com

အစိုးရ ဆန့်ကျင်သော ပြည်ပ မီဒီယာ တစ်ခုအတွက် အလုပ် လုပ်ကိုင်ခဲ့သူ မြန်မာအမျိုးသမီး ဗီဒီယို ဂျာနယ်လစ် တစ်ဦးအား စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်အပြစ်ပေးလိုက်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသော အဖွဲ့အစည်းများက ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ဖော် ပြောဆိုသည်။

ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ပေးခြင်းခံရသူမှာ မလှလှဝင်း(၂၅ နှစ်) ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံ အညာဒေသရှိ ပခုက္ကူမြို့မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတစ်ခုသို့ သွားရောက် လည်ပတ်မှု ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ဗမာ့ မီဒီယာအဖွဲ့က ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။

မလှလှဝင်းအား ပခုက္ကူ တရားရုံးက မြန်မာနိုင်ငံ အီလက်ထရွန်းနစ် အက်ဥပဒေ ချိုးဖောက်မှုဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ အဖွဲ့က ဆိုသည်။  မလှလှဝင်းနှင့် အတူ အဖော်အဖြစ် လိုက်ပါခဲ့သူ အမျိုးသမီး တစ်ဦးကိုလည်း စစ်အစိုးရက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။ မလှလှဝင်းအား ပြစ်ဒဏ်ချမှတ်သည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ အာဏာပိုင်များက အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။

"ယခုလို အသက်အရွယ် ငယ်လွန်းသည့် အမျိုးသမီးတစ်ဦးအား ထောင်ဒဏ်နှစ် ၂၀ ချမှတ် လိုက်သည့်အတွက် ကျွန်ုပ်တို့အနေဖြင့် လွန်စွာ တုန်လှုပ်မိပါသည်"ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ် ပေးခြင်း ခံရသော သတင်းထောက် မလှလှဝင်းသည် နော်ဝေ နိုင်ငံ အခြေစိုက် အသံလွှင့် မီဒီယာတစ်ခု ဖြစ်သော Democratic Voice of Burma (DVB) အတွက် အလုပ် လုပ်ကိုင်ပေးခဲ့သူ တစ်ဦး ဖြစ်သည်။ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့နှင့် ဗမာ့ မီဒီယာ အဖွဲ့တို့က "မျှတမှု မရှိသော တရားစီရင်မှု" ဟု ကြေညာချက်တွင် ဖော်ပြသည်။

"အခုလို ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်ထဲမှာ စစ်အစိုးရဆီက ပွင့်လင်းတဲ့ လက္ခဏာတွေနဲ့ သဘောထား ပြည့်ဝတဲ့ အပြုအမူတွေ ထွက်ပေါ်လာမယ်လို့ ပြည်သူတွေက မျှော်လင့် နေခဲ့ကြတာပါ။ ဒါပေမဲ့ အခုလို အသက် ၂၅ နှစ်အရွယ် ဗီဒီယို ရိုက်ကူးရေးသမား ဂျာနယ်လစ် တစ်ယောက်ကို ပြင်းထန်လွန်းတဲ့ ပြစ်ဒဏ် ချမှတ်လိုက်တာနဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လတ်တလော ခြိမ်းခြောက် ပြောဆိုမှုတွေကို ကြည့်ရင် ဒီနှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှု ရှိမယ်လို့ မျှော်လင့်ချက် မထားရဲ လောက်အောင် ဖြစ်သွားပါတယ်" ဟု အဆိုပါ အဖွဲ့ကဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရသည် ကတိပေး ပြောဆို ထားပြီးသည့်အတိုင်း ရွေးကောက်ပွဲများ ကျင်းပပေးရန်အတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် မြန်မာနိုင်ငံသားများ အနေဖြင့် မှန်ကန်သော ရွေးချယ်မှုများ ပြုလုပ်ရမည်ဟု ၎င်းက ဆိုသည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့၏အဆိုအရ မြန်မာနိုင်ငံတွင် ဂျာနယ်လစ် ၁၃ ဦးနှင့် အင်တာနက် ဘလော့ဂ် ရေးသူ(Blogger) များသည် စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံထား ရသည်။

ဖမ်းဆီး ထိန်းသိမ်း ခံလိုက်ရသော မလှလှဝင်းသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်း ကတည်းက တရားမဝင် မှောင်ခိုသွင်းခဲ့သော မော်တော်ဆိုင်ကယ်ကို အသုံးပြုခဲ့သောကြောင့် သွင်းကုန်-ထုတ်ကုန် ဆိုင်ရာ အက် ဥပဒေဖြင့် ထောင်ဒဏ် ခုနစ်နှစ် ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရပြီး ဖြစ်သည်။

မလှလှဝင်းသည် ဖမ်းဆီးခြင်း ခံရပြီးနောက် အစာငတ်ခံ ဆန္ဒပြခဲ့ကာ ဆေးရုံသို့ တက်ရောက် ကုသခြင်းခံ ခဲ့ရကြောင်း ကြေညာချက်က ဆိုသည်။

မြန်မာစစ် အစိုးရသည် ၂၀၀၇ ခုနှစ် လူထု ဆန္ဒပြမှုနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်းဒဏ် သင့်သူများ အကူအညီပေးမှုတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသူ သံဃာတော်များ၊ ကျောင်းသား ခေါင်းဆောင်များနှင့် ဂျာနယ်လစ်များကို ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ် အပြစ်ပေးခဲ့သည်။

AFP သတင်းဌာန၏ Myanmar video journalist jailed for 20 years: report ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment