Transparency Myanmar

transparency.myanmar@gmail.com

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာအစိုးရ ဌာနကြီး ငါးခုက ဘူးသီးတောင် မြို့နယ်မှ ဆန်စက်များအပေါ် အခွန် တိုးမြှင့် ကောက်ခံခဲ့သောကြောင့် ဆန်စက် ပိုင်ရှင်များ ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင် ခဲ့ကြရကြောင်း စုံစမ်း သိရှိရပါသည်။

          "၂၀၀၈-၂၀၀၉ ဘဏ္ဍာရေး နှစ်တုန်းက အစိုးရဌာန လေးခုက ၅၇၀၀၀ (ကျပ်) လာ ကောက်တယ်။ ဒီနှစ် ဘဏ္ဍာရေး နှစ်မှာတော့ အခွန်ကောက်တဲ့ ဌာနက ငါးခုတောင် ဖြစ်လာတယ်။ ဆန်စက် တစ်စက်ကို ၁၄၇၀၀၀ (ကျပ်) စီ ကောက်တယ်။ အခု ကျွန်တော်တို့ အဲဒီ အစိုးရ ဌာန ငါးခုကို ပိုက်ဆံ မပေးနိုင်လို့ တော်တော် အခက် တွေ့နေရပါတယ်" ဟု ဆန်စက် ပိုင်ရှင် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အတွင်း အခွန် ကောက်ခံခဲ့သော အစိုးရ ဌာန လေးခုမှာ ပြည်တွင်း အခွန်ဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာန၊ အမှတ်-၂ စက်မှု ဝန်ကြီးဌာန နှင့် လယ်ယာ စိုက်ပျိုးရေး ဌာနတို့ ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် မြို့နယ် စည်ပင်သာယာရေး ဌာန ကပါ ဝင်ရောက် ကောက်ခံခဲ့ကြောင်း ၎င်းက ဆိုသည်။

"ပြီးခဲ့တဲ့ ဘဏ္ဍာရေး နှစ်မှာ ပြည်တွင်း အခွန်ဌာနအတွက် ၁၅၀၀၀ ကျပ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနအတွက် ၂၅၀၀၀ ကျပ်၊ အမှတ် -၂ စက်မှု ဝန်ကြီးဌာန အတွက် ၁၂၀၀ ကျပ်၊ လယ်ယာ စိုက်ပျိုးရေး ဌာနအတွက် ၅၀၀၀ ကျပ် စီ ပေးရပါတယ်။ ဌာန လေးခု အတွက် ကျွန်တော်တို့ ဆန်စက် တစ်ခုကို စုစုပေါင်း ၅၇၀၀၀ ကျပ် ပေးကြရပါတယ်" ဟု ၎င်းက ဆိုသည်။

"အခု ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ ကျတော့ အခွန်နှုန်းတွေက မြင့်လာတယ်။ ပြည်တွင်း အခွန်က ၄၀၀၀၀ ကျပ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန က ၆၀၀၀၀ ကျပ်၊ အမှတ်-၂ စက်မှု ဝန်ကြီးဌာနက ၁၂၀၀၀ ကျပ်၊ လယ်ယာ စိုက်ပျိုးရေး ဌာနက ၂၀၀၀၀ကျပ် နဲ့ မြို့နယ် စည်ပင်ရုံးက ၁၅၀၀၀ ကျပ် စသဖြင့် ဆန်စက်တိုင်းကို ကောက်ခံပါတယ်" ဟု အဆိုပါ ဆန်စက် ပိုင်ရှင်က ထပ်လောင်း ပြောဆိုသည်။

ဆန်စက် ပိုင်ရှင်များ၏ အဆိုအရ  ဆန်စက်ပိုင်ရှင် အတော် များများသည် ယခု ဘဏ္ဍာရေးနှစ် အတွင်း ကောက်ခံသော အခွန်များကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင် နေရကြောင်း၊ ပိုင်ရှင် အများစုမှာ အခွန် ပေးဆောင်ရန် ငြင်းဆန်လျက် ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသူ ဆန်စက် ပိုင်ရှင်တစ်ဦးက "ဆန်စက် တစ်ခုက ထွက်တဲ့ ဆန်ချိန် တင်း ၁၀၀ အတွက် ကျပ် ၁၅၀၀၀ ကောက်ခံပါတယ်။ အဲတော့ ကျွန်တော်တို့ ဆန်စက်တွေက လယ်သမားတွေ ဆီကလည်း နောက်ထပ် စပါး ပိုမတောင်းနိုင်တော့ဘူး။ အဲလို ဖြစ်နေတဲ့ အခြေအနေထဲမှာ လောင်စာဈေး ကလည်း အရမ်းကို ဈေးကြီးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အစိုးရ ဌာနကြီးတွေက ကောက်ခံတဲ့ အခွန်ငွေကို မပေးနိုင်တာပါ" ဟု ပြောကြားသည်။

ဘူးသီးတောင် မြို့နယ်ရှိ ပြည်တွင်း အခွန်ဌာနက ဆန်စက် ပိုင်ရှင်များ အနေဖြင့် အခွန်ငွေများကို အမြန်ဆုံး ပေးရန် ဒီဇင်ဘာလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အကယ်၍ အခွန်ငွေ မပေးဆောင်ပါက ဆန်စက် ပိုင်ရှင်များ အနေဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇၄ အရ အခွန် မဆောင်မှုဖြင့် အရေးယူခြင်း ခံရမည် ဖြစ်သည်။

          အဆိုပါ ဘူးသီးတောင် မြို့နယ်တွင် ဆန်စက် စုစုပေါင်း ၂၀၀ ခန့် ရှိပြီး ဆန်စက် အားလုံးမှာ အသေးစားများ ဖြစ်ကာ ဒိုင်နမို ဂျင်နရေတာဖြင့် ဆက်ထားသော စက်များဖြင့် လည်ပတ်လျက် ရှိကြောင်း သိရသည်။

Narinjara News မှ Rice mill owners suffer due to increased taxes ကို ဘာသာ ပြန်ဆိုပါသည်။

0 comments:

Post a Comment