Transparency Myanmar

transparency.myanmar@gmail.com

www.monsterandcritics.com, 19th March 2010

မြန်မာနိုင်ငံ၏ အတိုက်အခံ ပါတီ (NLD) သည် တရားမျှတခြင်း မရှိသော ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်းကြောင့် စစ်အစိုးရကို တရားစွဲဆိုရန် သောကြာနေ့က ဆုံးဖြတ်လိုက်ကြောင်း အတိုက်အခံဘက်မှ လာသော သတင်းများအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးက ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း NLD ရခိုင် အဖွဲ့ဝင် ဦးအေးသာအောင် က ပြောကြားလိုက်သည်။

၎င်းက ပြောကြားရာတွင် NLD အနေဖြင့် အဆိုပါ ဥပဒေတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုနိုင်အောင် ထည့်သွင်း ရေးဆွဲထားသည် ဖြစ်ရာ တရားဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် လက်ရှိ ပြစ်ဒဏ် ခံနေရသူများ နိုင်ငံရေး ပါတီတွင် ပါဝင်ခြင်းကို တားမြစ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် (၁၈) လ ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရရာ၊ NLD သည် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်မည် ဆိုပါက၊ သူမအား ထားခဲ့ရတော့မည် ဖြစ်သည်။

NLD သည် ယခုထိ ရွေးကောက်ပွဲတွင် ပါဝင်ရေး အတွက် မှတ်ပုံတင်ရေးကို ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိသေးဟု ဦးအေးသာအောင်က ပြောသည်။

ထွက်ပေါ်လာသော ဥပဒေကို ကြည့်ခြင်းအားဖြင့် အစိုးရသည် ရွေးကောက်ပွဲ ရလဒ်ကို ချုပ်ကိုင်နိုင်ရန် အသေးစိတ် အလေးပေး ဆောင်ရွက်နေကြောင်း တွေ့မြင်ရမည် ဖြစ်သည်။

အစိုးရသည် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ခန့်ထားရေးမှ စကာ အားလုံးကို ချုပ်ကိုင်ထားသည်ကို တွေ့ရမည် ဖြစ်သည်။

ထို့ပြင် အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲကို ပယ်ဖျက်ကြောင်းကိုလည်း ကြေညာခဲ့သည်။

၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် NLD က အနိုင်ရသော်လည်း၊ အခြေခံ ဥပဒေ မရှိသောကြောင့်ဟု အကြောင်းပြကာ အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

စစ်အစိုးရက ခန့်အပ်ထားသော ကော်မတီသည် အခြေခံဥပဒေ အသစ်ကို (၁၈)နှစ် ကြာအောင် ရေးဆွဲပြီး၊ ၂၀၀၈ ခုနှစ် မေလက ဆန္ဒခံယူပွဲ အတုအယောင်ဖြင့် အတည်ပြုခဲ့သည်။ အခြေခံ ဥပဒေ အသစ်တွင် ထွက်ပေါ်လာမည့် အစိုးရအပေါ် စစ်တပ်မှ ချုပ်ကိုင်မှု မြဲစေရန် ပြည်ထောင်စု လွှတ်တော် ( အထက်လွှတ်တော်) တွင် အစိတ်အပိုင်း တစ်ခုအား စစ်တပ်မှ ခန့်အပ်ပြီး ဥပဒေပြုမှုတွင် ဗီတိုအာဏာ အသုံးပြုခွင့်ရှိမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မကြေညာရ သေးသော်လည်း အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ မလွတ်မြောက်မီ၊ အောက်တိုဘာလတွင် ကျင်းပဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

ယခု ထွက်ပေါ်လာသော ရွေးကောက်ပွဲ ဥပဒေသည် NLD ကို ဒုတိယ တစ်ကြိမ် အနိုင်မရအောင် ရေးဆွဲထားခြင်း ဖြစ်သည်ဟု ခန့်မှန်းရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment