Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 22nd March 2010

မြန်မာ စစ်ဖက် အုပ်ချုပ်သူများနှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO တို့အကြားတွင် တင်းမာမှုများ ယခု ရက်ပိုင်းအတွင်း ပိုမို ကြီးထွားလာခဲ့သည် ဟု သိရသည်။

မတ်လ ၁၇ ရက်က အဖွဲ့ဝင် ၂၀ တက်ရောက်ခဲ့သည့် KIO ဗဟို ကော်မတီ အစည်းအဝေးတွင် မြန်မာအစိုးရထံ KIO က တင်ပြထားသော တောင်းဆိုချက်များကို အစိုးရက တုန့်ပြန်ခြင်း မရှိပါက နယ်ခြားစောင့်တပ် ကိစ္စနှင့် ပတ်သက်သော ဆွေးနွေးမှုများ ထပ်မံ မပြုလုပ်တော့ရန် ဆုံးဖြတ်ခဲ့သည်။

"သူတို့ရဲ့ တုန့်ပြန်မှုကို ကျွန်တော်တို့ စောင့်နေပါတယ်။ အစိုးရဆီက တုန့်ပြန်မှု မရရင် သူတို့နဲ့ ထပ်မတွေ့တော့ပါဘူး" ဟု အမည်မဖော်လိုသူ ဗဟို ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ကချင်ပြည်သူများ အတွက် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိရန် KIO အဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ (၅) ရက်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၄ တွင် မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

KIO အဖွဲ့၏ တောင်းဆိုချက်များအား အသေးစိတ် ဖော်ပြထားသော ပေးစာကို မတ်လ ၁၂ ရက် နေပြည်တော်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းထံ KIO ကိုယ်စားလှယ် အဖွဲ့က ပေးအပ်ခဲ့သည်။

KIO က ၎င်း၏ လက်နက်ကိုင် အဖွဲ့ KIA ကို မြန်မာ အစိုးရ အဆိုပြုသည့် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဆန္ဒ မရှိကြောင်း၊ သို့သော်လည်း ပြည်ထောင်စု တပ်မတော် အတွင်းမှ သီးခြား ကချင်တပ်ရင်းများ အဖြစ် ဖွဲ့စည်းသွားလိုကြောင်း ပေးစာတွင် ဖော်ပြထားသည်။ KIO ၏ ပြန်လည် အဆိုပြုချက်ကို နေပြည်တော်ရှိ စစ်ဖက် ရေးရာ လုံခြုံရေး အကြီးအကဲ MAS နှင့် အစိုးရ ညှိနှိုင်းရေး ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ထံ လိပ်မူ၍ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

KIO အနေဖြင့် အပစ်အခတ် ရပ်စဲရေး ကို ဆက်လက် ထိန်းသိမ်းသွားရန် ဆန္ဒ ရှိနေကြောင်း နှင့် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရ အဖွဲ့သစ်နှင့်သာ နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်လိုကြောင်း စာတွင် ဆက်လက် ဖော်ပြထားသည်။

''အစိုးရက KIA တပ်ဖွဲ့ တစ်ခုထဲ အသွင်ပြောင်း စေချင်တာ ဆိုတော့ ဒါကို လက်မခံနိုင်ပါဘူး၊ အသွင်ပြောင်းမယ် ဆိုရင်လည်း အကုန်လုံး ပြောင်းရမှာပါ၊ KIA တပ်ဖွဲ့ကို နောက်ဆုံးမှ အသွင်ပြောင်းရမှာပါ'' ဟု ဗဟို ကော်မတီဝင် တစ်ဦးက မဇ္ဈိမသို့ ပြောကြားသည်။

နယ်ခြားစောင့်တပ် ကိစ္စကို အစိုးရနှင့် ဆွေးနွေးရန် KIO ကဖွဲ့စည်းထားသော ၇ ဦး ကော်မတီ အဖွဲ့ဝင် တစ်ဦး က ''လာမယ့် ရွေးကောက်ပွဲတွေ ရပ်ဆိုင်းသွားစေမယ့် ဘယ်အရာကိုမှ ကျွန်တော်တို့ မလုပ်ချင်ပါဘူး၊ ပြည်ထောင်စု ပြိုကွဲအောင် လုပ်ချင်တဲ့ ဆန္ဒလည်း မရှိပါဘူး" ပြောကြားခဲ့သည်။

KIO အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖေဖော်ဝါရီလ ၂၈ ရက်ကို နောက်ဆုံးရက် အဖြစ်သတ်မှတ်ထားသည်ဟု အစိုးရဖက်မှ ညှိနှိုင်းရေး ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောကြားထားသည်။

တစ်ချိန်တည်းတွင် အစိုးရနှင့် အပစ်ခတ်ရပ် အဖွဲ့များ အကြား ပြဿနာများ ဖြစ်ပွားရန် အလားအလာ ရှိကြောင်း စိုးရိမ်ပူပန်မှုများ ကြီးထွားလာခြင်းနှင့် အတူ မြို့တော် မြစ်ကြီးနားမှ KIO ဋ္ဌာနချုပ် လိုင်ဇာသို့ သွားရာ လမ်းတွင် လုံခြုံရေး စစ်ဆေးမှုများ ယခုလ အစောပိုင်းတွင် ပိုမို တင်းကြပ်လာသည်ဟု လိုင်ဇာမှ ဒေသခံ တစ်ဦးက မဇ္ဈိမသို့ ပြောကြားသည်။

''မြစ်ကြီးနား- ဗန်းမော်-လိုင်ဇာ လမ်းမှာ စစ်ဆေးရေးတွေ တင်းကြပ်လာတယ်၊ အရင်ကနဲ့ မတူဘူး'' ၎င်းက ဆိုသည်။

အလားတူပင် အပစ်ရပ် အဖွဲ့တစ်ခု ဖြစ်သည့် မွန်ပြည်သစ် ပါတီ NMSP ခေါင်းဆောင်များနှင့် အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း တို့ မတ်လ ၁၆ ရက်နေ့က နယ်ခြားစောင့်တပ် အစီအစဉ်ကို NMSP က လက်ခံခြင်း ပြု / မပြု နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု NMSP အရာရှိ တစ်ဦးက ပြောကြားသည်။

NMSP ဒုတိယဥက္ကဋ္ဌ အပါအဝင် ဗဟို ကော်မတီဝင် ၅ ဦးနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment