Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 4th March 2010

အမေရိကန် နှင့် ဘင်္ဂလား ရေတပ်များ၏ ၃ ရက်ကြာ ပူးပေါင်း လေ့ကျင့်မှုကို မြန်မာ ရေပိုင်နက်အနီး ဘင်္ဂလား ပင်လယ်အော်တွင် အင်္ဂါနေ့က စတင် ပြုလုပ်ခဲ့သည်ဟု ဒါကာ အခြေစိုက် The Daily Star က ဖော်ပြထားသည်။

ကော့ဘဇားနှင့် စစ်တကောင်း အကြား ကမ်းလွန်တွင် ရှိသော ဘင်္ဂလားဒေ့ရှ် ပိုင်ကျွန်းတွင် တနင်္လာနေ့က အမေရိကန် စစ်သင်္ဘော USS Inqraham ကို ကျောက်ချ ရပ်နားထားပြီး အမေရိကန် ရေတပ်သား ၂၀၀၊ အရာရှိ ၂၅ ဦး ပါဝင်ပြီး ဗိုလ်မှူးကြီး Adam J Welter က ဦးဆောင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

၃ ရက်ကြာ လေ့ကျင့်ခန်း အပြီးတွင် ၄၅၃ ပေရှည်သော ဖရီးဂိတ် စစ်သင်္ဘောသည် စင်္ကာပူသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။ လာမည့် စက်တင်ဘာတွင်မူ ငလျင်ဒဏ်ခံ အမေရိကန် ဆာမိုဝါ ကျွန်းစုသို့ သွားရောက်ကာ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများတွင် ပါဝင်မည် ဖြစ်သည်။

လာရောက် လည်ပတ်သော သတင်းထောက်များအား ရေယာဉ်မှူး Adam က ပြောကြားရာတွင် စစ်ရေး လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ဆက်ဆံရေး၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးနှင့် နားလည်မှုများ ခိုင်မြဲစေရန် ဖြစ်သည် ဟု ဆိုသည်။ ရေတပ် အတွေ့အကြုံချင်း ဖလှယ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ရေတပ်မတော်၏ အကြမ်းဖက် ဆန့်ကျင်ရေး တပ်လှန့် စောင့်ကြည့်မှုကို အထောက်အကူ ဖြစ်စေလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် အခြေစိုက်၊ ရခိုင် နေရဉ္စရာ သတင်းဋ္ဌာန အယ်ဒီတာ မရကျော်က ဧရာဝတီ သို့ ကြာသပတေးနေ့က ပြောကြားရာ၌ ''အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်နေတယ် ဆိုတာကို ဘင်္ဂလားဒေ့ရှ်က ပြနေတာပါ။ တစ်ချိန်တည်းမှာ အမေရိကန် ကုမ္ပဏီက ဘင်္ဂလား ပင်လယ်အော်မှာ ဓါတ်ငွေ့တူးနေတာ ဆိုတော့ ဘင်္ဂလားဒေ့ရှ် ရေပြင်ကို အမေရိကန်က ကာကွယ်ပေးမယ်လို့ ပြောချင်တဲ့သဘောပါ။ နောက်ဆုံးတော့ အမေရိကန်က အမြတ်ထွက်တာပေါ့" ဟု သုံးသပ်ပြသည်။

နယ်စပ် အငြင်းပွားမှု ဖြစ်နေသော ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာသည် ကီလိုမီတာ ၃၂၀ ရှည်သော နယ်စပ်ကို ပူးတွဲ ပိုင်ဆိုင်ကြသည်။ အငြင်းပွား ရေပြင်တွင် ရေနံ ရှာဖွေရန် မြန်မာ စစ်ဖက် အစိုးရက ခွင့်ပြုရာမှ နှစ်နိုင်ငံ တင်းမာမှုများ ကြီးထွားခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာလတွင်မူ ဘင်္ဂလားဒေ့ရှ်က အငြင်းပွားမှု ဖြေရှင်းပေးရန် ကုလသမဂ္ဂ ခုံရုံးသို့ တိုင်ကြားခဲ့သည်။

ဇန်နဝါရီလကမူ မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ခါရှစ် အလန် တို့သည် ပိုင်နက် အငြင်းပွားမှုကို ဆွေးနွေးရန် အစည်းအဝေး ကျင်းပခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment