Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ တည်ဆောက် သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် အလယ်အာရှဒေသ စွမ်းအင်မဏ္ဍိုင်တစ်ရပ် ပေါ်ထွန်းလာဖွယ် ရှိပြီး လောင်စာနှင့် ဆက်နွယ်သော ပြဿနာများလည်း လျော့ကျသွားနိုင်ကြောင်း သုံးသပ် လေ့လာသူများက ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က မိမိနိုင်ငံတွင်းမှ ဖြတ်သန်းသွားမည့် အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းကို ယခင်က ဆန့်ကျင် ကန့်ကွက်ခဲ့သော်လည်း ယခုအခါ သဘော တူညီလိုက်ပြီဟု သိရကြောင်း အိန္ဒိယ၊ စီးပွားရေး သတင်းစာ တစ်စောင်က ရေးသား ဖော်ပြထားသည်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ သွယ်တန်းမည့် အရှည်မိုင် ၅၆၀ ရှိ ပိုက်လိုင်း စီမံကိန်းကို အစပိုင်းတွင် သဘောမတူသည့် ပုံစံမျိုး ပြသခဲ့ရာ ဘင်္ဂလားဒေ့ရှ်ကလည်း မသိကျိုးနွံ ပြုခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ် ခါလီဒါဇီယာ လက်ထက် ဖြစ်သောကြောင့် Hasina ရာထူး ရရှိမှသာ
အကြောင်းပြန်မည်ဟု ဆိုခဲ့သည်။

ယခု ဝန်ကြီးချုပ် Hasina သည် အိန္ဒိယ အစိုးရနှင့် ခိုင်မာသော ဆက်ဆံရေး တစ်ရပ်ကို ထူထောင်ကာ ခါလီဒါဇီယာ လက်ထက်က သံတမန်ဆက်ဆံမှု အနေအထားများကို ပြောင်းပြန် လှန်ပစ်ရန် ကြိုးပမ်းလျက် ရှိသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ အရာရှိကြီးများက ၎င်းတို့သည် သုံးနိုင်ငံစလုံး၏ ပူးပေါင်း ဆောင်ရွက်မှုကို ရှေးရှုမည် ဖြစ်ကြောင်း ပြောကြားသည်။

Mercados Asia မှ စွမ်းအင်ရေးရာ ကျွမ်းကျင်သူ Anish De က ယင်းစီမံကိန်းကြောင့် အလယ်ပိုင်း အာရှဒေသတွင် အကျိုးအမြတ် မြောက်မြားစွာ ရရှိမည် ဖြစ်သည်ဟု ဆိုသည်။

"တကယ်လို့ သုံးနိုင်ငံ ဆက်သွယ်မယ့် ပိုက်လိုင်း စီမံကိန်းသာ အကောင်အထည် ပေါ်လာခဲ့ရင် အာရှ ပူးတွဲဒေသဆိုင်ရာ စွမ်းအင်မဏ္ဍိုင်တစ်ရပ် ဖြစ်ထွန်းလာမှာ သေချာပါတယ်" ဟု ၎င်းက ပြောသည်။

အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံသည် သဘာဝဓာတ်ငွေ့ အရောင်းအဝယ် ပြုလုပ်မည့်
သဘောတူညီချက် စာချုပ်တစ်ရပ်ကို ၂၀၀၆ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ သို့သော် ထိုစဉ်က မည်သည့်နေရာမှ သွယ်တန်းမည် ဟူသော အချက်ကိုမူ အတိအကျ ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။
UPI မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment