Transparency Myanmar

transparency.myanmar@gmail.com

Wall Street Journal, 1st March 2010

မြန်မာနိုင်ငံမှ ကြားသိရသော သတင်းများအရ ဆိုးသထက် ပိုဆိုးဖို့ကသာ များနေသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နောက်တစ်ကြိမ် အယူခံလွှာကို ယခင် အပတ်က ပယ်ချခဲ့သဖြင့် နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ ယခင်လကလည်း မြန်မာလူမျိုး အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ ကျော်ဇောလွင် (ခ) ညီညီအောင်အား စာရွက်စာတမ်းအတု ကိုင်ဆောင်မှုများဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လက မြန်မာစစ်ဖက် အစိုးရပေါ်တွင် ချမှတ်ထားသော တင်းကျပ်သည့် အရေးယူ ပိတ်ဆို့မှုများကို ၃ နှစ် သက်တမ်းတိုးသည့် Burma Sanctions Renewal Act ကို သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း မြန်မာစစ်ဖက် အုပ်ချုပ်သူများနှင့်  လက်တွေ့ကျကျ ညှိနှိုင်းဆွေးနွေးရေး မူဝါဒကိုလည်း အမေရိကန် အစိုးရက ဂရုတစိုက် အလေးထား နေရသည်။ မူဝါဒသစ်ကို ပြီးခဲ့သော နိုဝင်ဘာလက နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများ၏ ခရီးစဉ်ဖြင့် စတင်ခဲ့သော်လည်း အတွင်းကျကျ လှိုက်စားနေသော မြန်မာအစိုးရကို ပြောင်းလဲနိုင်ခြင်း မရှိသေးပါ။

အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ယခုနှစ်တွင် နိုင်ငံလုံးကျွတ် ရွေးကောက်ပွဲများ ပြုလုပ်ပေးမည်ဟု ကတိပြုထားသည်။ ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရရှိပြီး အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သော ရွေးကောက်ပွဲများ နောက်ပိုင်း ပထမဆုံး ပြန်လည် ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အာဏာမရစေရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် တားမြစ် ခြိမ်းခြောက်ထားပြီး ယခင်နှစ်က ပြည်သူလူထုကို အတင်းအဓမ္မ အတည်ပြုခိုင်းခဲ့သည့် အခြေခံ ဥပဒေအရ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်လိမ့်မည်။

အကယ်၍ လွတ်လပ် မျှတသော ရွေးကောက်ပွဲများ၊ တရားဝင် အရပ်ဖက် အစိုးရ အဖွဲ့နှင့် တိုင်းရင်းသား လူမျိုးစုများ အတွက် တန်းတူညီမျှ အခွင့်အရေးများကို ခွင့်ပြုရန် အခြေခံ ဥပဒေကို အစိုးရက ပြင်ဆင်သုံးသပ်ခြင်း မပြုခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမအား ထောက်ခံသူများ၊ ကရင်နှင့် ရှမ်း အပါအဝင် ကာလ ကြာရှည် ဖိနှိပ်ခံနေရသော တိုင်းရင်းသား အုပ်စုများ အားလုံးသည် လိမ်ဆင် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန် ငြင်းနိုင်သည့် အခွင့်အရေး ရှိနေသည်။

မြန်မာ အစိုးရ အနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသော ရွှေဝါရောင် တော်လှန်ရေးဟု ထင်ရှားသည့် ၂၀၀၇ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရာဂဏန်း အရေအတွက်ရှိ သံဃာတော်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ထောင်ဂဏန်းခန့်ကို ဦးဆုံးစွာ လွှတ်ပေးရလိမ့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ သူ၏ ထုံးစံအတိုင်း အကြမ်းဖက်မှု၊ ရက်စက်မှုနှင့် စစ်ပွဲများကို ရောသမမွှေကာ အကောင်အထည် ဖော်နေဆဲ ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေး အုပ်စုများကို တိုးမြှင့် ဖမ်းဆီးမှုများ ပြုလုပ်နေသကဲ့သို့ ကရင် အပါအဝင် တိုင်းရင်းသား လူမျိုးစုများ အပေါ် တိုးမြှင့် တိုက်ခိုက်နေသဖြင့် ၂၀၀၉ ခုနှစ် တစ်နှစ်ထဲမှာပင် မြန်မာပြည် အရှေ့ပိုင်း ကရင်ပြည်နယ်မှ လူပေါင်း ၇၅,၀၀၀ ခန့် နေအိမ်များမှ ထွက်ပြေးကြရသည်။

အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံအတွက် အစစ်အမှန် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ခွင့်ကို ဆောင်ကြဉ်းပေးရန် အရေးကြီးသည့် ကဏ္ဍမှ မည်သို့ လုပ်ဆောင်ပေးနိုင်သနည်းဟု မေးခွန်းထုတ်စရာ ရှိသည်။ အဖြေမှာ ဒေါ်အောင်ဆန်းစုကြည်၊ သူမ၏ ပါတီ၊ တိုင်းရင်းသား ခေါင်းဆောင်များ စသော အတိုက်အခံ အုပ်စုများနှင့် စစ်မှန် အရေးပါ၍ အချိန်မဆွဲသည့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် မြန်မာအစိုးရအပေါ် နိုင်ငံရေး ဖိအားနှင့် စီးပွားရေး ဖိအား စုပေါင်း၍ ဖိအားပေး တိုက်တွန်းခြင်းပင် ဖြစ်သည်။ ၎င်းနည်းလမ်း မအောင်မြင်ပါက မြန်မာအစိုးရအပေါ် လက်နက် ကုန်သွယ်မှု တားမြစ်ရေးနှင့် မြန်မာနိုင်ငံရှိ လူသားချင်း မစာနာသော ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် အနေဖြင့် ဦးဆောင် စည်းရုံးရမည် ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ရန် အိုဘားမား အစိုးရ၏ ထိရောက်သော ခေါင်းဆောင်မှုနှင့် ကတိကဝတ် လိုအပ်သည်။ အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံ မူဝါဒနှင့် စပ်လျဉ်းသည့် ရည်မှန်းချက်များမှာလည်း နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ် အဆုံးသတ်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်သူများကို အရေးယူရေးနှင့် မြန်မာနိုင်ငံရေး အင်အားစုများ အားလုံးအကြား စစ်မှန်သည့် ဆွေးနွေးပွဲ ကျင်းပရေးတို့ပင် ဖြစ်သည်။

သို့ရာတွင် လက်တွေ့ကျကျ ဆွေးနွေးမှု (သို့မဟုတ်) သတိကြီးကြီး ထား၍ ဆွေးနွေးမှု စသဖြင့် မည်သည့် နာမည်တပ်သည် ဖြစ်စေ စည်းကမ်း သတ်မှတ်ထားခြင်း မရှိသည့် လုပ်ငန်းစဉ် တစ်ခု မဖြစ်သင့်ပါ။ အချိန် အတိုင်းအတာ တိကျစွာ သတ်မှတ်ခြင်း၊ မျှော်မှန်းရလဒ်များ ထားရှိခြင်းနှင့် သင့်လျော်သော တုန့်ပြန်မှုများ ရရှိရေးစသော ရည်မှန်းချက် အတိုင်းအတာများ ထားရှိရမည် ဖြစ်သည်။

သမ္မတ အိုဘားမား အနေဖြင့် ၂၀၀၈ ခုနှစ်ကပင် လွှတ်တော်က တရားဝင် လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားသော မြန်မာ့ရေးရာ မူဝါဒ ညှိနှိုင်း ဆွေးနွေးနေစဉ် အတွင်း မြန်မာနိုင်ငံ အပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှု တိုးမြှင့်ရန် ကိစ္စ အပါအဝင် ဖိအားပေးရေး နည်းလမ်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အဆိုပါ ညှိနှိုင်းရေးမှူးကို အဓိက ကဏ္ဍမှ ပါဝင်ခွင့်ပေးရမည် ဖြစ်သည်။

ထို့အပြင် မြန်မာစစ်ဖက် ခေါင်းဆောင်များ၊ ၎င်းတို့ မိသားစုများ၊ ၎င်းတို့၏ ရောင်းရင်း စီးပွားဖက် သူဌေးများအား ပစ်မှတ်ထား၍ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူမှုများ ချမှတ်ရာတွင် အမေရိကန်၊ ကနေဒါ၊ သြစတြေးလျတို့နှင့်အတူ ပူးပေါင်း ပါဝင်ရန် ဥရောပ သမဂ္ဂကိုလည်း အိုဘားမား အနေဖြင့် တိုက်တွန်းသင့်သည်။

နောက်ထပ် ကျန်နေသည်မှာ အာဆီယံအဖွဲ့ ဖြစ်သည်။ အကယ်၍သာ အောင်မြင်သော အမေရိကန် - အာဆီယံ ဆက်ဆံရေးကို အမှန်တကယ် ဆန္ဒရှိသည် ဆိုပါက အတိုက်အခံ အုပ်စုများနှင့် စေ့စပ် ညှိနှိုင်းရန် မြန်မာအစိုးရအပေါ် ပြင်းထန်သည့် သံတမန် ဖိအားပေးမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း အိုဘားမား အစိုးရက အာဆီယံ အဖွဲ့အား သတိပေးရလိမ့်မည် ဖြစ်သည်။

အိုဘားမား၏ သမ္မတရာထူးသည် လွန်ခဲ့သည့် မျိုးဆက်တစ်ခုက ပေါ်ထွက်ခဲ့သော အမေရိကန် လွတ်လပ်ခွင့် တိုက်ပွဲဝင်သူများနှင့် အရပ်သား အခွင့်အရေး လှုပ်ရှားသူများ ပြသခဲ့သည့် သတ္တိနှင့် သွေးများ၏ ရလဒ်ပင် ဖြစ်သည်။ အကယ်၍ အိုဘားမားသည် ၎င်းတို့၏ စွန့်လွှတ် ပေးဆပ်မှုများကို အသိအမှတ်ပြုသည် ဆိုပါက လာမည့်လများတွင် အရေးပါသော လုပ်ဆောင်မှုများဖြင့် မြန်မာပြည်သူများကို အားပေး ထောက်ခံလိမ့်မည်ဟု ဒီမိုကရေစီ အင်အားစုများက မျှော်လင့်ထားကြသည်။

အိုဘားမား အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ကျော်ဇောလွင် တို့အား လွှတ်ပေးရန် တောင်းဆိုခြင်းဖြင့် စတင် လှုပ်ရှားရလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment