Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy news, 5 Mar 2010

မြန်မာ အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးကို သဘောတူရန် ပျက်ကွက်ခဲ့ပါက တိုင်းရင်းသား လက်နက်ကိုင်များအနက် အကြီးဆုံးဖြစ်သော ဝ တပ်ဖွဲ့ UWSA နှင့် ၎င်း၏ နိုင်ငံရေး ဋ္ဌာနခွဲ ဝပြည် ညီညွတ်ရေး ပါတီ UWSP ကို မတရားသင်း ကြေညာရန် မြန်မာစစ်ဖက် အစိုးရက စဉ်းစားနေသည်ဟု သိရှိရသည်။

နယ်ခြားစောင့်တပ် BGF ကိစ္စကို ဖြေရှင်းရန် ကြိုးပမ်းသည့် အနေဖြင့် ဝ ခေါင်းဆောင်များနှင့် နောက်တစ်ကြိမ် အစည်းအဝေး ကျင်းပရန် ကြိုးစားမည်ဟု မြန်မာ အာဏာပိုင်များက တရုတ် အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု နေပြည်တော်နှင့် အဆက်အသွယ် ရှိသော တရုတ် အရာရှိများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သော သတင်းရပ်ကွက်များက ဆိုပါသည်။

အကယ်၍ UWSA က နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆက်လက် ငြင်းပယ်နေပါက ဝတပ်ဖွဲ့နှင့် ဝနိုင်ငံရေးပါတီ ကို တရားမဝင် အဖွဲ့အစည်းများ အဖြစ် သတ်မှတ် ကြေညာမည် ဖြစ်ကြောင်း နေပြည်တော် ကဘီဂျင်းသို့ ပြောကြားခဲ့သည်ဟု သိရပါသည်။

နယ်ခြားစောင့်တပ် အစီအစဉ်ကို ဝ တပ်ဖွဲ့ လက်ခံလာအောင် ကူညီစည်းရုံးပေးရန် တရုတ်ကို မြန်မာ အာဏာပိုင်များက မေတ္တာရပ်ခံထားသည်ဟုလည်း ဆိုပါသည်။

အကယ်၍ ဝတပ်ဖွဲ့ကို မတရားသင်း အဖြစ် တရားဝင် ကြေညာလိုက်ပါက ခန့်မှန်း အင်အား ၃ သောင်း ရှိ UWSA ကို စစ်ရေးအရ အရေးယူ ဆောင်ရွက်ရန် လမ်းပွင့်သွားမည် ဖြစ်သည်။

တင်းမာမှုကြီးထွားနေသော တရုတ်-မြန်မာ နယ်စပ်နှင့် မျက်နှာခြင်းဆိုင်တွင်ရှိသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ အခြေအနေကို အနီးကပ် စောင့်ကြည့်ရန် တပ်လှန့်ထားသည်ဟုလည်း အစိုးရ သတင်းရပ်ကွက်မှ သိရှိရသည်။

ကိုးကန့် တပ်ဖွဲ့ MNDAA ကို အစိုးရတပ်ဖွဲ့များ တိုက်ခိုက်ခဲ့စဉ်ကလည်း အဆိုပါ လက်နက်ကိုင် အဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် အရင် ကြေညာပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က အစိုးရ ထိုးစစ်ကြောင့် ကိုးကန့် ဒေသတွင် စီးပွားရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ဒုက္ခသည် ထောင်ပေါင်းများစွာ တရုတ်ပြည်သို့ ဝင်ပြေးခြင်း စသော ကိစ္စများ ဖြစ်ပွားခဲ့သည်။

အကယ်၍ မြန်မာ အစိုးရ စစ်တပ်က UWSA အပေါ် ထိုးစစ်ဆင်မည် ဆိုပါက တရုတ်နိုင်ငံတွင်းသို့ စစ်ပြေးဒုက္ခသည်များ ထပ်မံ ဝင်ရောက်လာလိမ့်မည်ဟု ခန့်မှန်းမျှော်လင့်ထားကြပါသည်။ အချိန်တို စစ်ပွဲ မဟုတ်ပဲ ပြောက်ကျားနည်းဗျူဟာများဖြင့် ရေရှည်ဖြစ်ပွားမည့် စစ်ပွဲ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားပါသည်။

လက်ရှိ အကျပ်အတည်းတွင် အရေးကြီးသည့် စဉ်းစားစရာ တစ်ခုမှာ ခြောက်သွေ့ ရာသီကုန်ဆုံးရန် နီးကပ်လာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် စစ်ဆင်ရေး လုပ်ငန်းများကို အနှောက်အယှက် ဖြစ်လောက်အောင် မိုးသည်းထန်စွာ ရွာသွန်းသည့် မုန်သုန်ရာသီသို့ ရောက်ရှိရန် ၂ လ ပင် မလိုတော့ပါ။

သောကြာနေ့က အထိ UWSA အရာရှိများ က ယင်းနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးနိုင်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment