Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, 27th April 2010

ယခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အစိုးရ နောက်ခံ ပါတီသစ်ကို ခေါင်းဆောင်ရန် အတွက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အခြား ဝန်ကြီး ၂၀ ခန့်သည် ၎င်းတို့၏ စစ်ဖက် ရာထူးများကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟု နေပြည်တော် သတင်းရပ်ကွက်မှ ပြောကြားသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အတူ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဗိုလ်ချုပ် ဌေးဦး၊ ဆက်သွယ်ရေး၊ စာတိုက်၊ ကြေးနန်း ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်တို့ အပါအဝင် အခြား စစ်ဗိုလ်ချုပ်များက ပါတီသစ်ကို ဦးဆောင်ကြမည်ဟု သတင်းများက ဆိုသည်။

အဆိုပါ ဝန်ကြီးများသည် စစ်ဖက် ရာထူးကို စွန့်လွှတ်မည် ဖြစ်သော်လည်း အစိုးရ အတွင်း လက်ရှိ ရာထူးကိုမူ ဆက်ယူထားကြဦးမည် ဟုလည်း သိရှိရသည်။

နိုင်ငံပိုင် သတင်း မီဒီယာများက ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ရာထူး အသုံးအနှုန်းသစ်ကို ယနေ့ အထိ ဖော်ပြခြင်း မရှိသော်လည်း တနင်္လာနေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်အတူ ဘာသာရေး အခမ်းအနား တက်ရောက်နေသော ဝန်ကြီးချုပ်နှင့် အခြား ဗိုလ်ချုပ်များ သတင်းကို ထုတ်လွှင့်သွားသည်။

မည်သို့ပင် ဖြစ်စေ၊ နေပြည်တော်မှ အရာရှိများက အဆိုပါ သတင်းကို ငြင်းဆိုခြင်း မရှိပါ။ "သတင်း ကြေညာတာကိုသာ စောင့်နားထောင်ပါ။ သေချာပေါက် ကြားရပါလိမ့်မယ်" ဟု ၎င်းတို့က ဧရာဝတီသို့ အင်္ဂါနေ့တွင် ပြောကြားသည်။

ရန်ကုန်မှာ ဂျာနယ် အယ်ဒီတာ တစ်ဦးကမူ "ကျွန်တော် သိသလောက်တော့ သတင်းက သေချာတယ်။ မကြာမီ အတွင်း ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ပါတီကို အစိုးရက ကြေညာလိမ့်မယ်လို့ နေပြည်တော်က ဝန်ထမ်းတွေက ပြောကြတယ်" ဟု ပြောကြားသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း ကိုယ်စားပြု ဖြစ်ဖွယ်ရှိသော အစိုးရ နောက်ခံပါတီကို ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးဆောင်မည် ဖြစ်ပြီး၊ ပြည်တွင်း အသိုင်းအဝိုင်းတွင် အများလေးစားသော ပုဂ္ဂိုလ်များကိုလည်း ၎င်းတို့ပါတီ အတွက် ကိုယ်စားလှယ်လောင်းများ အဖြစ် ရွေးချယ်နေကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် ရန်ကုန် စီးပွားရေး လုပ်ငန်းရှင်များ ကြားတွင် သတင်းများ ပျံ့နှံ့နေသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်အား ပါတီ ခေါင်းဆောင် အဖြစ် တာဝန်ယူရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း တာဝန်ရှိသူ တစ်ဦးက ဧရာဝတီသို့ အင်္ဂါနေ့တွင် ပြောကြားသည်။

"ဒီသတင်းက မှန်ဖို့ များပါတယ်" ဟု ရွေးကောက်ပွဲ ဝင်မည့် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု ပါတီမှ ဦးအုန်းလွင်က ပြောကြားခဲ့ပြီး၊ "ဗိုလ်ချုပ်ကြီး သိန်းစိန်က ပါတီကို ဦးဆောင်သလို သမ္မတသစ်လည်း ဖြစ်လာနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရွေးကောက်ပွဲ အပြီး အစိုးရသစ်တွင် ဦးဆောင်ကဏ္ဍမှ ပါဝင်လိမ့်မည်ဟု အများစုက ထင်မြင်ချက် ပေးထားကြသည်။

"ရွေးကောက်ပွဲ မဝင်ဖို့ NLD ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောထား ပြောင်းသွားတယ်။ သူ့ရဲ့ အစီအစဉ်သစ်မှာ ဗိုလ်ချုပ်ကြီး သိန်းစိန်က သမ္မတ ဖြစ်လာမယ်" ဟု အစိုးရ သတင်း ရပ်ကွက်က ဆိုသည်။

"ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့အတူ အထူး စစ်ဆင်ရေး အဖွဲ့မှူး နှစ်ယောက်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်တို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စာရင်းထဲမှာ ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် ဌေးဦးအား လာမည့် အစိုးရသစ်ကို ဦးဆောင်ရန် ယခင်က ရွေးချယ်ထားခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

ဗိုလ်ချုပ် ဌေးဦးသည် နိုင်ငံတကာ အသိုင်းအဝိုင်း ရှေ့မှောက်တွင် လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လိုလားသူ တစ်ဦးဟု ယူဆရသော်လည်း ယခင်နှစ် အစိုးရ အစည်းအဝေး တစ်ခုတွင် လွှတ်တော် နေရာ ၃၀ % မှ ၄၀ % ကို အတိုက်အခံများအား ခွင့်ပြုရန် ၎င်းက ထောက်ခံခဲ့သည်ဟု အစိုးရ သတင်းရပ်ကွက်က ပြောကြားခဲ့သည်။

ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လက်ရှိ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းမှာ မြန်မာ့ တပ်မတော်တွင် အရေးကြီးသော ရာထူးကို ရယူရန် ရှိသည်ဟု စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သော လုပ်ငန်းရှင်များက လတ်တလော ခန့်မှန်းနေကြသည်။

သို့ရာတွင် လက်ရှိ အစိုးရ အဖွဲ့တွင် နံပါတ် ၃ နှင့် နံပါတ် ၅ အဆင့် ရှိနေသော  ပူးတွဲ စစ်ဦးချုပ်များ ဥက္ကဌနှင့် ကြည်းရေလေ အထူး စစ်ဆင်ရေး ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတွင်းရေးမှူး (၁)၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့၏ အနာဂတ်မှာမူ လက်ရှိတွင် သေချာမှု မရှိဟု ယူဆနေကြပြီး ၎င်းတို့နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်လာဖွယ် ရှိသည်ဟုလည်း ကြားသိရသည်။

နေပြည်တော်တွင် တနင်္လာနေ့က ပြုလုပ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘာသာရေး အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ပျောက်နေပြီး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း တက်ရောက်ခဲ့သော သတင်းကို နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရသည့်အခါ အံအားသင့်ခဲ့ရကြောင်း မြန်မာနိုင်ငံရေး အကဲခတ်များက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment