Transparency Myanmar

transparency.myanmar@gmail.com

The Washington Post, By Cdum Lynch, 28th April 2010

အီရန်သမ္မတ Mahmoud Ahmadinejad သည် လာမည့် အပတ်တွင် နယူးယောက် သို့လာရောက်ရန် ဗီဇာ တောင်းခံလျက် ရှိသည်။ ၎င်းသည် နျူကလီယာ လက်နက် ပြန့်ပွားမှု ရပ်ဆိုင်းရေး အတွက် ရည်ရွယ် ကျင်းပသော ကုလသမဂ္ဂ ကွန်ဖရင့်တွင် မိန့်ခွန်း ပြောကြားလိုခြင်း ဖြစ်ပါသည်။ အဆိုပါ ကွန်ဖရင့်သည် တီဟီရန်၏ နျူကလီယာ ရည်မှန်းချက်များ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ထိပ်တိုက် ရင်ဆိုင်မှုများ ပြုလုပ်လာနိုင်သောကြောင့် ပြောဆိုနိုင်ရန် လမ်းဖွင့်ပေးရန် ဖြစ်သည်။

အဆိုပါ နျူကလီယာ ကွန်ဖရင့်တွင် Ahmadinejad က မိန့်ခွန်းပြောရန် ဆုံးဖြတ်ချက် ချခဲ့ရခြင်းမှာ အမေရိကန်နှင့် အခြား ကုလသမဂ္ဂ ပါဝါ နိုင်ငံများသည် အီရန်က ၎င်း၏ ယူရေနီယံ သန့်စင်မှုကို ကန့်သတ် လျှော့ချရန် ကုလသမဂ္ဂ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် အရေးယူ ပိတ်ဆို့ရေး အတွက် ညှိနှိုင်းနေကြခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် လေးပတ်ကြာ ပြုလုပ်မည့် အဆိုပါ နျူကလီယာ ကွန်ဖရင့်၏ အရန် ဆွေးနွေးပွဲ အဖြစ် ဆွေးနွေးလိမ့်မည် ဟု မျှော်လင့်ရသည်။

အီရန်၏ နျူကလီယာ အစီအစဉ်များသည် ၁၉၇၀ က ချုပ်ဆိုခဲ့သော နျူကလီယာ မပြန့်ပွားရေး စာချုပ် ပြန်လှန် သုံးသပ်ခြင်း ရှစ်ကြိမ်မြောက် ကွန်ဖရင့်တွင် ပြဿနာ ဖြစ်လာနိုင်သော အကြောင်းအရာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan E.Rice က ပြောကြားခဲ့သည်။ အဆိုပါ ကွန်ဖရင့်ကို တနင်္လာနေ့က ကုလသမဂ္ဂ ဋ္ဌာနချုပ်တွင် ဖွင့်လှစ်ခဲ့သည်။ Rice က အဆိုပါ ၁၉၇၀ စာချုပ်သည် မိမိတို့၏ အမျိုးသား လုံခြုံရေး အတွက် အရေးပါကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် Rice က အမေရိကန် အနေဖြင့် ယခု လေးပတ်ကြာ အစည်းအဝေးတွင် အဆိုပါ စစ်အေးကာလ စာချုပ်အား ပိုမို အားကောင်းစေရန် ပြုလုပ်မည်ဟု ဆိုသည်။ ကလင်တန်သည် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မည် ဖြစ်သည်။ Rice က အီရန် သမ္မတ၏ ဗီဇာ တောင်းဆိုမှုမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။

Obama အစိုးရသည် ကုလသမဂ္ဂက နိုင်ငံများ၏ နျူကလီယာ အစီအစဉ်များကို စစ်ဆေးပြီး၊ ကုလသမဂ္ဂ နျူကလီယာ စာချုပ်ကို လိုက်နာရန် ပျက်ကွက်သူများကို ဒဏ်ပေးမည့် ကိစ္စအား ပိုမို အားကောင်းလာစေရန် ကြိုးပမ်း ပြုပြင်လျက် ရှိရာ၊ အီရန် အနေဖြင့် အဆိုပါ Obama၏ ကြိုးပမ်းမှုများကို ဈေးဆစ်နိုင်ရန် လုပ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ စာချုပ်အဖွဲ့ဝင် နိုင်ငံများ၏ ဆုံးဖြတ်ချက်မှာ တစ်ဦး မကျန် သဘောတူမှ ရမည်ဖြစ်ပြီး၊ ထွက်ပေါ်လာသော အဖြေကို ဗီတို အာဏာ အသုံးပြု ခွင့်ပေးထားမည် ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းထောက်များသို့ ဗုဒ္ဓဟူးနေ့က နေ့လယ်စာ စားသုံးစဉ် ပြောကြားခဲ့ရာ၌ အကယ်၍ အီရန် ခေါင်းဆောင် အနေဖြင့် ၎င်း၏ နျူကလီယာ ကိစ္စများ အဖြေအတွက် အပြုသဘော ဆောင်သော အဆိုပြုချက်များဖြင့် နယူးယောက်သို့ လာရောက်ပါက များစွာ အထောက်အကူ ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် နျူကလီယာ ကွန်ဖရင့်တွင် Ahmadenejad အနေဖြင့် ၎င်း၏ ခိုင်မာသော အိုင်ဒီယာများကို လာရောက် ဖွင့်ချမည် ဟုတ်မဟုတ် ဆိုသည်ကိုလည်း မိမိ အနေဖြင့် မသိနိုင်ကြောင်း ဘန်ကီမွန်းက ပြောသည်။

Ban က ဆက်လက် ပြောကြားရာတွင် တီဟီရန် အနေဖြင့် နျူကလီယာ လက်နက်များ ထုတ်လုပ်နေခြင်း မဟုတ်ပါဟု နိုင်ငံတကာ အသိုင်းအဝိုင်းအား သေချာရန် အသိပေးရမည့် ကိစ္စမှာ အီရန် ခေါင်းဆောင် အပေါ်တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းအပေါ်တွင်သာ တာဝန်ရှိကြောင်း၊ အီရန်၏ နျူကလီယာ အစီအစဉ်သည် ငြိမ်းချမ်းပါကြောင်း သက်သေပြရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုမှုကို ၎င်းက ကျေနပ်မှု မရှိကြောင်း Ban က ပြောသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ် ဥရောပနိုင်ငံများသည် ဆုံးဖြတ်ချက် ချနိုင်မည့် လမ်းကြောင်းကို ရှာဖွေနေကြသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် တီဟီရန်သို့ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ အီရန် စွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခြင်း၊ နိုင်ငံများအား အီရန် သင်္ဘောများ ပိတ်ပင်ထားသော လက်နက်များ မသင်္ကာဖွယ် တင်ဆောင်လာပါက ဖမ်းဆီးခွင့် အာဏာပေးခြင်းများ ပါဝင်သည်။ အမေရိကန်နှင့် ဥရောပ တာဝန်ရှိ ပုဂ္ဂိုလ်များသည် နျူကလီယာ ကွန်ဖရင့် မစတင်မီ အဆိုပါ စကားပြောမှု ပြီးဆုံးရန် မျှော်လင့်ကြသည်။

ပြီးခဲ့သည့် အပတ်က ဒုသမ္မတ Biden က လာမည့် အပတ်တွင် အမေရိကန် အနေဖြင့် အရေးယူမည့် ဆုံးဖြတ်ချက် ချမှတ်နိုင်မည့် လမ်းကြောင်းကို တွေ့ရှိမည် ဖြစ်ကြောင်း ယုံကြည်ချက် အပြည့်ဖြင့် ပြောကြားခဲ့သည်။ ''ဒီလ အကုန်၊ နောက်လ အစမှာ အရေးယူထားတဲ့ အစိုးရကို ခင်ဗျားတို့ တွေ့ရမှာပါ'' ဟု Biden က ကြာသပတေးနေ့က ABC ရုပ်သံ၏ The View စကားဝိုင်း အစီအစဉ်တွင် ပြောကြားခဲ့သည်။

သို့သော် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက ပြောကြားရာတွင် အမေရိကန်နှင့် အင်အားကြီးနိုင်ငံများက အီရန် အပေါ် အရေးယူရေး ဆုံးဖြတ်ချက် အတွက် ဆွေးနွေးမှုသည် ပြီးစီးရန် အဝေးကြီး လိုအပ်သေးကြောင်း ပြောခဲ့သည်။ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် ညှိနှိုင်းမှုများ မေလ တစ်လလုံး ဆက်လက် ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment