Transparency Myanmar

transparency.myanmar@gmail.com

Jakarta Post, By Lilian Budianto, 29th April 2010

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင်တားဆီး ပိတ်ပင်တားသော အထီးကျန် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများ တရားမျှတမှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပိုမိုချမှတ်ဖွယ်ရှိသည်ဟု အမေရိကန် အစိုးရက ပြောကြားလိုက်ပါသည်။

အကျဉ်းကျနေသော ပါတီဝင်များကို ထုတ်ပယ်ရန် ရွေးကောက်ပွဲ ဥပဒေက ချမှတ်ထားမှုကြောင့် မြန်မာနိုင်ငံတွင် အနှစ်၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲများသည် အတုအယောင်သာ ဖြစ်သည်ဟု NLD ပါတီက သတ်မှတ်ကာ သပိတ်မှောက်ခဲ့ပါသည်။ လောလောဆယ်တွင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို မြန်မာ အစိုးရက ဖမ်းဆီးထားပါသည်။

''တော်တော့်ကို ဆိုးဝါးတဲ့ ရွေးကောက်ပွဲ ဥပဒေကို ကြုံတွေ့ရတာပါ၊ ဒီဥပဒေဟာ ဘာမှ အကျိုးမရှိဘူးလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ လွတ်လပ်၊ မျှတပြီး ယုံကြည် လေးစားထိုက်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးဆိုတာ မဟုတ်ပါဘူးလို့ သူတို့က ပြောလာခဲ့ရင် ဒါဟာ တမင်ခက်ခဲအောင် လုပ်တာပဲပေါ့ဗျာ၊ ဘာကြောင့်လဲဆိုတော့ ထောင်ကျနေတဲ့ ပါတီဝင်တွေကိုထုတ်ဖို့ NLD ပါတီသာမကပဲ တခြားပါတီတွေကိုပါ သူတို့က အတင်းအဓမ္မ ဖိအားပေးထားတယ်လေ '' ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က Jakarta Post သို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

''NLD ခေါင်းဆောင် အများစုက ထောင်ထဲမှာပါ၊ ဒီရွေးကောက်ပွဲ ဥပဒေက NLDနဲ့ တခြားပါတီတွေကို အကျဉ်းအကျပ်ထဲရောက်အောင် မတရားလုပ်တာပါ၊ မြန်မာအစိုးရဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်က တဆင့် အမျိုးသား ပြန်လည်ပေါင်းစည်းမှု ရအောင် လုပ်နေတာ မဟုတ်ပါဘူး '' ဟု ၎င်းကပြောပါသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရ၊ နာမည်ပျက်စာရင်းဝင် အစိုးရ လက်ဝေခံ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေးအရ ဆက်ဆံခြင်းမပြုရန် စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ချမှတ်ပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းအတွက် တာဝန်ရှိသူများကို ခရီးသွားလာခွင့် တားမြစ်ခြင်း အပါအဝင် သီးခြားအရေးယူမှု အစီအစဉ်များကို တိုးချဲ့ရန် အီးယူက တနင်္လာနေ့တွင် သဘောတူခဲ့သော်လည်း ၁၉၉၀ ကပင် စစ် အစိုးရ အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံ အပေါ် အနည်းငယ်သာ ဖိအားပေးနိုင်ခဲ့ပါသည်။

နေပြည်တော် အစိုးရသည် အိမ်နီးခြင်း နိုင်ငံကြီး ၂ခု ဖြစ်သော တရုတ်၊ အိန္ဒိယတို့နှင့် ကောင်းမွန်သော စီးပွားရေး ဆက်ဆံမှုများကို ရရှိထားပါသည်။

အရေးယူ ပိတ်ဆို့မှုကို ကျွန်တော်တို့ ဆက်လုပ်မှာပါ၊ အရေးယူမှုတွေကို ထပ်တိုးဖို့ကလည်း သေချာသလောက်ပါပဲ ဟု Marciel ကပြောကြားသည်။

Marciel ပါဝင်သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ယခင်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးချုပ်  ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် တွေ့ဆုံခဲ့ကာ အစည်းအဝေးတွင် အမေရိကန်က ''အမြင်ခြင်း ဖလှယ်မှု'' ဟုပြောကြားခဲ့သည်။ လွန်ခဲ့သော ၁၄ နှစ် အတွင်း ပထမဆုံး အကြိမ် ဖြစ်သော အမေရိကန်နှင့် မြန်မာ အကြား ထိပ်ပိုင်း အဆင့် တွေ့ဆုံမှုတွင် မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း(သို့) ပြုပြင်ပြောင်းလဲမှု လုပ်ရန် ဆန္ဒရှိခြင်းကို တစုံတရာ ပြသခြင်း မရှိခဲ့ဟု Marciel ကပြောပါသည်။

အဆိုပါ ခရီးစဉ်မှာ ကြီးမားသော ရလဒ် ထွက်ပေါ်ရန် မမျှော်လင့်ခဲ့သလို အမှန်တကယ် တွင်လည်း ရလဒ်များထွက်ပေါ်ခဲ့ခြင်း မရှိခဲ့ပါဟု ၎င်းက ဆိုပါသည်။

မြန်မာ အာဏာပိုင်တွေက သူတို့ရဲ့ ကိုယ်ပိုင် စီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ ရွေးကောက်ပွဲ အတွက် အစီအစဉ်ကိုပဲ အများဆုံး ပြောခဲ့ကြပြီး ကျွန်တော်တို့ကလည်းအမျိုးသားပြန်လည် ပေါင်းစည်းရေးကို ဦးတည်ချက်ထားဖို့နဲ့ လူ့အခွင့်အရေး အနေအထား တွေတိုးတက်အောင် ပြောင်းလဲမှု တချို့လုပ်ဖို့ အလွန်အရေးကြီးတဲ့ အကြောင်း သဘောထား တချို့ကို ပြောပြခဲ့ပါတယ် ဟု Marciel က နိုဝင်ဘာလ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းပြပါသည်။

လာမည့် ရွေးကောက်ပွဲများသည် အကျိုးဖြစ်ထွန်းဖွယ် မရှိသေးသော်လည်း ရွေးကောက်ပွဲ မတိုင်ခင် (သို့) ပြီးခါစတွင် မြန်မာနိုင်ငံသို့ သွားရောက်ရေး အတွက် ဖြစ်နိုင်ချေကို မိမိနှင့် အမေရိကန် အရာရှိများက ဖယ်ထုတ်ခြင်း မရှိသေးဟု Marciel ကဆိုပါသည်။

 အမေရိကန်နှင့် အာဆီယံ နှစ်ဦးစလုံးသည် မြန်မာ့အရေး ပါဝင်ရန် အခွင့်အရေး ရှိနေသောကြောင့် အမေရိကန် ပြည်ထောင်စုသည် အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အတူ ပူးပေါင်း၍ မြန်မာ အစိုးရနှင့် ဆွေးနွေးမည်ဟု ၎င်းက ပြောကြားပါသည်။

အမေရိကန်ပြည်ထောင်စု၏ ပြီးခဲ့သော နိုဝင်ဘာက ခရီးစဉ်သည် အာဆီယံနိုင်ငံများ ပါဝင်မှု မရှိဘဲ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

''အဲဒီကိုသွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချတာက အာဆီယံဟာ ပါဝင် ပတ်သက်နိုင်တဲ့ အနေအထား မရှိဘူးလို့ ပြောဖို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ အနေအထား အတိုင်း ရပ်တည်ဖို့ ကြိုးစားနေတယ် ဆိုရုံလောက်ပါပဲ၊ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ ပတ်သက်လို့ အာဆီယံ မိတ်ဆွေတွေနဲ့ ကျွန်တော်တို့ ပုံမှန် ဆွေးနွေးနေကြပါ '' ဟု Marciel က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment