Transparency Myanmar

transparency.myanmar@gmail.com

The Strait Times, 15 May 2010

          အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေသော မြန်မာစစ်အစိုးရကို အမေရိကန်က ဆက်လက် ဖိအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို သမ္မတဘာရက်အိုဘားမားက သောကြာနေ့တွင် တရားဝင် သက်တမ်းတိုးလိုက်သည်။

၁၉၉၇ မေလက စတင်ခဲ့သော အရေးယူ ပိတ်ဆို့မှု အစီအစဉ်များကို ဆက်လက်တိုးချဲ့ရခြင်း အကြောင်းမှာ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒအပေါ် ထုံးစံ မဟုတ်သော၊ သာမန်မဟုတ်သော ခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ်နေသည့် မြန်မာအစိုးရ၏ မူဝါဒနှင့် ဆောင်ရွက်ချက်များကြောင့်ဖြစ်သည်ဟု အိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ ပေးပို့သော စာလွှာတွင်ဖော်ပြထားသည်။

အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကို တားဆီးထားပြီး၊ မြန်မာနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုကိုလည်း တားဆီးထားသည့် ယခုတရားဝင် ချမှတ်လိုက်သည့်  အရေးယူမှုသည် စစ်ဖက်အစိုးရနှင့် ဆက်နွယ်သူ တစ်ဦးတစ်ယောက်ခြင်းကို ပစ်မှတ် ထားခြင်းဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီက မေ ၆ ရက် နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရပြီး ရက်အနည်းငယ်အကြာတွင် အရေးယူပိတ်ဆို့မှုများကို တိုးချဲ့လိုက်ခြင်းဖြစ်သည်။

ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွား ပြစ်တင်ဝေဖန်ခဲ့ကြသော ရွေးကောက်ပွဲဥပဒေကြောင့် ယခုကဲ့သို့ ပါတီကိုဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

မတ်လတွင် ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူများကို ပါတီဝင်ခွင့် မပြုရန် တားဆီးထားပြီး၊ လိုက်နာရန် ပျက်ကွက်ပါက ပါတီကို ဖျက်သိမ်းမည်ဟု ဆိုထားပါ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်ဖက်အစိုးရက အသိအမှတ်မပြုဘဲ သူမအား နှစ်ပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ယခုသီတင်းပတ်တွင်မူ အသက် ၆၄ နှစ်အရွယ်၊ နိုဘယ်ဆုရှင်ကို မြန်မာနိုင်ငံသို့ ရောက်နေသော အမေရိကန် ထိပ်တန်း သံတမန်နှင့်တွေ့ဆုံခွင့်ပြုခဲ့ပြီး တနင်္လာနေ့က အစိုးရ ဧည့်ဂေဟာတွင် မိနစ် ၉၀ ခန့်တွေ့ဆုံဆွေးနွေးခဲ့သည်။

မစ္စတာ Campbell က ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးအပြီး ပြောကြားရာ၌ "စစ်ဖက်အစိုးရ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ပုံများကို အမေရိကန် ပြည်ထောင်စုကများစွာ စိတ်ပျက်မိကြောင်းနှင့် အစိုးရ၏ ပြင်ဆင်မှုများသည် ကြောင်းကျိုးဆီလျှော်မှုမရှိဟု အများက စိုးရိမ်ပူပန်နေမှုကို ဖြေရှင်းရေးအတွက် အမြန်ဆုံးဆောင်ရွက်စေလိုကြောင်း ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment