Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်ပြည်ထောင်စု အနေဖြင့် စစ်လက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ရေးကို လုပ်ဆောင်မည့်အစား ငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ အာဘော် သတင်းစာဖြစ်သော Nodon Sinmun က တိုက်တွန်းရေးသား လိုက်သည်။

"ငြိမ်းချမ်းရေးကို လိုလားသော အစိုးရတစ်ရပ် အနေဖြင့် ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော တင်းမာမှုများကို လျှော့ချကာ ထိပ်တိုက်ရင်ဆိုင်မှုများ အဆုံးသတ်နိုင်ရေးကို အကောင်အထည်ဖော်ရန် အထူးလိုအပ်သည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လိုလားသော ကိုရီးယားနိုင်ငံတစ်ခု၏ အကျိုးစီးပွားအတွက် စစ်နှင့် ပတ်သက်သော အန္တရာယ်များ ကင်းဝေးအောင် လုပ်ဆောင်ပေးသင့်သည်" ဟု Nodon Sinmum သတင်းစာ၏ ရေးသားချက်ကို ကိုးကားပြီး တောင်ကိုရီးယားသတင်းဌာန Yonhap News Agency ကဖော်ပြသည်။

အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများသည် မြောက်ကိုရီးယား နိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု မပြုလုပ်နိုင်ကြောင်း အဆိုပါ မြောက်ကိုရီးယား သတင်းစာက ဖော်ပြသည်။ "သို့အတွက်ကြောင့် အမေရိကန် အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဆက်နွှယ်သော ဆွေးနွေး ပြောဆိုမှုများ မပြုလုပ်ဘဲ ရေငုံနှုတ်ပိတ် လုပ်နေခြင်းကို ရပ်တန့်ကာ ငြိမ်းချမ်းရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုး သင့်သည်" ဟု အဆိုပါ သတင်းစာကဆိုသည်။

Nodon Sunmum သတင်းစာက အစောပိုင်းကာလတွင် အမေရိကန် အစိုးရအား လာမည့် မေလဆန်းပိုင်း၌ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုရန် ဆော်သြခဲ့သည်။ ထို့နောက် များမကြာမီ ကာလတွင် မြောက်ကိုရီးယားသည် နျူကလီးယား ဓာတ်ပေါင်းထုတ်လုပ်နိုင်သော ကိရိယာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

အဆိုပါ သတင်းကြေညာပြီးနောက် တစ်နေ့တွင် တရုတ်နိုင်ငံပိုင် မီဒီယာက မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား ဂိမ်းကစားနေခြင်းကို ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း သတိပေးခဲ့သည်။

"မြောက်ကိုရီးယားနိုင်ငံသည် တစ်ဖက်တွင် လွန်စွာအားအင်ချိနဲ့နေသော အမျိုးသားရေး အင်အားကို မှီခိုနေရသည်ဖြစ်ရာ အခြားတစ်ဖက်တွင် အရှေ့မြောက်အာရှ ပါဝါနိုင်ငံများနှင့် အန္တရာယ်များလွန်းသော နျူကလီယာဂိမ်း ကစားလျက်ရှိသည့် အမူအကျင့်များကို အထူးသတိပြု ဆင်ခြင်သင့်ပေသည်" ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ရေးသားသည်။

ယခုလို တရုတ် ကွန်မြူနစ်နိုင်ငံပိုင် မီဒီယာတစ်ခုက မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရကို ပြစ်တင် ဝေဖန်သည်မှာ လွန်စွာရှားပါးသော ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်အနေဖြင့် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် သမ္မတ ဟူဂျင်းတောင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သော ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်သင့်သည်ဟု တရုတ်မီဒီယာက သတိပေး ရေးသားသည်။

ကင်ဂျုံအီလ်က မြောက်ကိုရီးယားအနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင် နိုင်ရေးအတွက် သင့်တင့်လျောက်ပတ်သော အခြေအနေမျိုးဖြစ်အောင် ပြုလုပ်ပေးပါမည်ဟု ဟူဂျင်းတောင်နှင့် တွေ့ဆုံစဉ် ကတိကဝတ်ပြု ပြောဆိုခဲ့သည်။

Bernama သတင်းဌာန၏သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment