VOA News, 14th May 2010
အထိန်းသိမ်းခံ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ယခင် ပါတီ NLD မှ ပါတီဝင် အချို့သည် ပါတီသစ် ဖွဲ့စည်း၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဒီမိုကရေစီ နည်းလမ်းမကျ ဟု ပြောကြားလိုက်သည်။
ထို့အပြင် NLD ပါတီဝင်များအား ရန်ကုန်မြို့ ဋ္ဌာနချုပ်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းကို ရှောင်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက VOA သို့ ပြောကြားခဲ့သည်။
ယခုနှစ်ကုန် ကျင်းပမည့် ရွေးကောက်ပွဲများကို ယှဉ်ပြိုင်ခြင်း မပြုရန် NLD ပါတီက ပြီးခဲ့သည့်မတ်လတွင် ဆုံးဖြတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမ၏ ပါတီအား ရွေးကောက်ပွဲ ဥပဒေမှာ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်း မပြုရန် တိုက်တွန်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရန် ငြင်းဆန်ခဲ့ပြီးနောက် NLD ပါတီမှာ ဖျက်သိမ်းရန် ဖိအားပေးခံခဲ့ရသည်။ ပြစ်ဒဏ်ကျခံနေရသူများအား ပါတီဝင် အဖြစ် လက်မခံရန် ရွေးကောက်ပွဲ ဥပဒေတွင် တားဆီးထားသောကြောင့် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ထိန်းသိမ်းခံရသည်မှာ ၁၄ နှစ်ခန့် ရှိပြီဖြစ်သလို သူမ၏ ပါတီဝင် များစွာမှာလည်း နိုင်ငံရေး အကျဉ်သားများအဖြစ် ဖမ်းဆီးခြင်း ခံနေရပါသည်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်သည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ်အတွင်း ဥပဒေ ချိုးဖောက်သည်ဟု အစိုးရက စွပ်စွဲကာ ယခင်နှစ် သြဂုတ်လက သူမ အပေါ် ပြစ်ဒဏ် ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.