Transparency Myanmar

transparency.myanmar@gmail.com

Hindu Times, 14th May 2010

ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်သော ဆိပ်ကမ်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး အစီအစဉ်များကို အကောင်အထည် ဖော်ရန် အတွက် Essar Projects (India) လီမိတက်သည် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့် ယနေ့ ကန်ထရိုက် စာချုပ် လက်မှတ် ရေးထိုးခဲ့သည်။ စီမံကိန်းကို မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ရမည် ဖြစ်သည်။

ဆိပ်ကမ်းနှင့် ရေကြောင်း ပို့ဆောင်ရေး အတွက် ကန်ထရိုက် စာချုပ်တန်ဖိုးမှာ ရူပီးငွေ ၃၄၂ သန်း ဖြစ်၍ ၃၆ လ အတွင်း အကောင်အထည် ဖော်ရမည်ဟု သိရှိရသည်။

ကန်ထရိုက် စာချုပ်တွင် ပါဝင်သော အချက်များမှာ မြန်မာနိုင်ငံ စစ်တွေနှင့် ပလက်ဝတွင် ဆိပ်ခံတံတား ၂ ခု တည်ဆောက်ခြင်း၊ ကုလားတန် မြစ်ကြောင်း တလျှောက် ကုန်စည် စီးဆင်းမှု ချောမွေ့စေရေး အတွက် နုံးဆယ်ခြင်းနှင့် ဝမ်းပြား ကုန်တင် ရေယာဉ်များ တည်ဆောက်ခြင်းတို့ ဖြစ်သည်။ စစ်တွေတွင် ဆိပ်ကမ်း တည်ဆောက်ခြင်းသည် ကန်ထရိုက်၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။

အထက်ပါ စီမံကိန်းကို နှစ်နိုင်ငံ အကြား သဘောတူညီမှု ရထားသည့် စည်းကမ်းဘောင် အတွင်း အိန္ဒိယ အစိုးရက အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး၊ အိန္ဒိယ ပြည်မမှသည် အိန္ဒိယ အရှေ့မြောက် ပြည်နယ်များအထိ ကုန်စည် စီးဆင်းမှု လွယ်ကူစေရန် မျှော်မှန်းထားသည်။ ၎င်းလမ်းကြောင်းသည် အရှေ့မြောက်ဒေသသို့ ရောက်ရှိနိုင်မည့် အခြားလမ်းကြောင်းတစ်ခု ဖြစ်လာမည် ဖြစ်၍ မဟာဗျူဟာအရ အရေးကြီးပါသည်။ ယခု စီမံကိန်းသည် မြန်မာနိုင်ငံကိုလည်း အပြန်အလှန် အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးရေး အရှိန်မြင့်တင်ရန် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦးနှင့် ဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းကို တိုးတက်စေမည် ဖြစ်သည်။

ကုလားတန်မြစ် ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းတွင် မြစ်ဖျားပိုင်းမှ အိန္ဒိယ၊ မြန်မာနယ်စပ် အထိ ကီလိုမီတာ ၁၂၀ ရှည်သော လမ်းတစ်ခု မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ရေး အစီအစဉ်လည်း ပါဝင်နေပြီး လမ်းဖောက်လုပ်ခြင်း အတွက် သီးခြား ကန်ထရိုက်ဖြင့် ဆောင်ရွက်မည်ဟု သိရသည်။

အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပူးတွဲ အတွင်းဝန် တီအက်စ်တီရူဟတီနှင့် Essar Projects India မှ ဒုတိယ ဥက္ကဌ ဗစ်ရှ်ဝါရှာကေဘတ်တို့က တရားဝင် ကန်ထရိုက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment