Transparency Myanmar

transparency.myanmar@gmail.com

AFP, 16th May 2010

နှစ်ရက်ကြာ အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများ အတွင်း အနည်းဆုံး ၂၄ ဦး သေဆုံးပြီး၊ ၂၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သော ဘန်ကောက်မြို့တော်တွင် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများနှင့် ထိုင်းတပ်ဖွဲ့တို့၏ ထိပ်တိုက် တွေ့ဆုံမှုမှာ တနင်္ဂနွေနေ့အထိ တင်းမာနေဆဲ ဖြစ်သည်။

အခက်အခဲ ပေါင်းစုံ ဝန်းရံနေသော ဝန်ကြီးချုပ်က နောက်မဆုတ်ဟု သံနိဋ္ဌာန် ချခဲ့သလို စစ်တပ်ကလည်း ဆန္ဒပြသူ ထောင်ပေါင်းများစွာကို နှိမ်နင်း ဖြိုခွဲမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းကြောင့် ဘန်ကောက်မြို့လည်တွင် အကြမ်းဖက်မှုများ ပိုမို ဆိုးဝါးလာသည်။စနေနေ့တွင် ၈ ဦး သေဆုံးခဲ့သည်။

စစ်သားများနှင့် အစိုးရ ဆန့်ကျင်သော ရှပ်နီများ အကြား ၂ ရက်ကြာ လမ်းပေါ်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သား ၂၄ ဦး သေဆုံးခဲ့ပြီး ၁၈၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့များက ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေသော ဘန်ကောက်မြို့လည် နယ်မြေကို စစ်တပ်က "ပစ်ခတ်မှုများ ဖြစ်ပွားနေသော ဇုံ" အဖြစ် ကြေညာထားသည်။

ထိုနေရာများကို သိမ်းပိုက်ရန် စစ်တပ်က ကြာသပတေးနေ့တွင် လှုပ်ရှားခဲ့ပြီး နောက်ပိုင်း ဘန်ကောက်မြို့လည်တွင် အခြေပြုထားသည့် ရှပ်နီ စခန်းများ၏ တောင်ဖျားနှင့် မြောက်ဖျားတွင် မြို့ပြ ပြောက်ကျားတိုက်ပွဲပုံစံ လမ်းပေါ် ရန်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများက လူစုခွဲရန် ငြင်းဆန်နေမှုကြောင့် ရွေးကောက်ပွဲများ စော၍ ကျင်းပပေးမည့် အစီအစဉ်ကို ယခင်အပတ်က တင်ပြခဲ့သူ ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားက ၂ လကြာ ပဋိပက္ခ အတွင်း အစိုးရသည် နောက်မဆုတ်နိုင်ဟု သတိပေးခဲ့သည်။

စနေနေ့တွင် စစ်သားများက ဆန္ဒပြသူများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဆန္ဒပြစခန်းမှ တာယာများ မီးလောင်မှုကြောင့် မီးခိုးများ လုံး၍ တက်နေသည်။

အရေးပေါ်ဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ရရှိသော စာရင်းဇယားများအရ မတ်လ ၁၂ ရက်က စတင်ခဲ့သော ဆန္ဒပြမှုများတွင် လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ၁၆၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။

"လက်ရှိ အနေအထားကတော့ တကယ့်ကို ပြည်တွင်းစစ်ပါပဲ။ ဒီပြဿနာ ဘယ်လို ပြီးဆုံးမလဲဆိုတာကိုတောင် မပြောတတ်တော့ပါဘူး" ဟု ဆန္ဒပြ ခေါင်းဆောင် ဂျာတူပွန် ပရွန်ပန်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment