Transparency Myanmar

transparency.myanmar@gmail.com

မေလ ၁၅ ရက်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြအုပ်စုများ (ရှပ်နီဝတ်ဆန္ဒပြအုပ်စု) အား ထိုင်းစစ်တပ်က အင်အားသုံး နှိမ်နင်းမှု စတင်လိုက်ရာ အနည်းဆုံးလူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးရုံမှ ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

အဆိုပါ ရှပ်နီဆန္ဒပြ အုပ်စုများနှင့် ထိုင်းအစိုးရအကြား နိုင်ငံရေး လိပ်ခဲတည်းလည်းဖြစ်မှု အဆိုးဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပြီး နောက်တစ်နေ့တွင် ထိုင်းစစ်တပ်က ယင်းသို့ အင်အားသုံး လူစုခွဲခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဘန်ကောက်၏ အချက်အခြာကျသော နေရာအတော်များများကို ရှပ်နီဆန္ဒပြ အုပ်စုများ အချိန်ကြာမြင့်စွာ သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ အနည်းဆုံးလူ ၁၇ ဦးသေဆုံးပြီး ၁၄၁ ဦး ဒဏ်ရာရရှိခဲ့ပြီ ဖြစ်သည်။

မေ ၁၅ ရက် (စနေနေ့) တွင်မူ တင်းမာမှုများ ပိုမိုကြီးထွားလာသည်။ ရှပ်နီဆန္ဒပြ အုပ်စုဝင်များက မော်တော်ကားတာရာများ၊ ဝါးကပ်များဖြင့် ပြုလုပ်ထားသော အကာအရံများ နောက်တွင် ရပ်ကာ ဆူပူအော်ဟစ်ခဲ့ကြသည်။ တည်ဆဲ ထိုင်းအစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn က ဆန္ဒပြသမား ဦးရေ လျော့ကျသွားသည် အထိ ထိုင်းစစ်တပ်က ကြိုပမ်း ဖြိုခွင်းသွားမည်ဖြစ်သည်ဟု ဆိုသည်။

"နောက်ရက် အနည်းငယ်မှာ ထိုင်းစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လုံခြုံရေး အစီအမံတွေကို ပိုမိုတိုးမြှင့်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

လက်ရှိ အနေအထားကို ကြည့်ရသည်မှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်သည် ခံတပ်ကြီး တစ်ခုသဖွယ် ဖြစ်လာပြီး သေနတ်ပစ်ဖောက်သံများ၊ မျက်ရည်ယို ဗုံးငွေ့များ၊ ယမ်းငွေ့များက ဖုံးလွှမ်း ထားလျက် ရှိသည်။ ဆန္ဒပြအုပ်စုများဘက်က ခဲများဖြင့် ပစ်ပေါက်ပြီး အကြမ်းဖက်ဆန်သည့် လုပ်ရပ်များ လုပ်ဆောင်လာကြရာ ထိုင်းအာဏာပိုင်များက ၎င်းတို့စုဝေးရာ နေရာအားလုံးကို နောက်ဆုံထား ဖြိုခွင်းမည့် အချိန်ကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။

ထိုင်းအစိုးရ အာဏာပိုင်တစ်ဦး၏ အဆိုအရ ထိုင်းစစ်တပ်သည် ယခုအခါ ဘန်ကောက်မြို့၏ အချက်အခြာကျသော နေရာအချို့ကို တဖြည်းဖြည်းချင်း ပြန်လည် ရယူလာနိုင်ကြောင်း သိရသည်။ ဗီဒီယိုမှတ်တမ်းများတွင် စစ်သားများက ဆန္ဒပြလူအုပ်ကြီးဆီသို့ သေနတ်များဖြင့် ပစ်ခတ်နေပုံများကို တွေ့မြင်ရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် မေလ ၁၄ ရက်နေ့တွင် ပြင်သစ်ရုပ်သံဌာနမှ သတင်းထောက်တစ်ဦး ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိသွားသည်။ ရှပ်နီဆန္ဒပြ အုပ်စုများက ဝန်ကြီးချုပ် အဘီဇစ်ဝိဇ္ဇာဝီရ ၏ ကမ်းလှမ်းချက်ကို ပယ်ချပြီး မထီမဲ့မြင်ပြုလုပ်မှုများ တိုးမြှင့်လိုက်သောကြောင့် ထိုင်းအစိုးရက ယခုလိုအင်အားသုံးကာ ဖြေရှင်းရခြင်းဖြစ်သည် ဟု အစိုးရအာဏာပိုင်တို့က ဆိုသည်။

ရှပ်နီဆန္ဒပြ အုပ်စုများ၏ အကြမ်းဖက် တိုက်ခိုက်မှုကို ခံနေရသော လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် ပြန်လည်အင်အားသုံး ခုခံရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိတော့ကြောင်း မစ္စတာ Panitan Wattanayagorn ကပြောဆိုသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် စေ့စပ်ညှိနှိုင်းရေး စည်းမျဉ်းစည်းကမ်းများကို တာဝန်အရ အသုံးပြုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများ အရ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရန်၊ သို့မဟုတ် ရဲဘော်ရဲဘက်များအား ခုခံကာကွယ်ရန် အလို့ငှာ လက်နက်ခဲယမ်း အစစ်များကို အသုံးပြုခွင့်ရှိသည်။

ဘန်ကောက်တွင် နေထိုင်သော မြို့သူမြို့သားများနှင့် နိုင်ငံခြားသားများ တစ်ဦးတစ်ယောက် ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိခိုက်နစ်နာစေလိုသည့် ဆန္ဒမရှိပါကြောင်း ၎င်းက ကတိပေး ပြောဆိုသည်။

ထိုင်းအစိုးရသည် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ပတ်သက်ပြီး အတွေ့အကြုံ ရင့်ကျက်ထားပြီး ဖြစ်ရာ မကြာမီ ကာလအတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ပေါ်ထွန်း လာအောင် လုပ်ဆောင်သွားနိုင်မည်မှာ မလွဲမသွေပင်ဖြစ်ကြောင်း မစ္စတာ Wattanayagorn က အတည်ပြု ပြောဆိုသည်။ ဝန်ကြီးချုပ် အဘီဇစ်ကလည်း အခြားသော နိုင်ငံရေးသမားများ၊ အုပ်စုများနှင့် ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်သွားရန် ကြိုးပမ်းလျက် ရှိသည်ဟု ဆိုသည်။

ရှပ်နီဝတ် အတိုက်အခံ သမားအုပ်စု၏ အဖွဲ့နာမည်မှာ ညီညွတ်သော ဒီမိုကရေစီတပ်ဦးဖြစ်သည်။ ၎င်းတို့က ထိုင်းဝန်ကြီးချုပ်အနေဖြင့် ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ်တစ်ရပ် ကျင်းပပေးရန် တောင်းဆိုထားသည်။ ရှပ်နီအုပ်စုများသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ကို ထောက်ခံသူများ ဖြစ်ကြသည်။

CNN သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment