Transparency Myanmar

transparency.myanmar@gmail.com

          မြန်မာနိုင်ငံတွင် စစ်အစိုးရက ကျင်းပပေးမည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် ရယ်စရာ ကောင်းသော ဟာသဇာတ်လမ်း တစ်ခုမျှပင်ဖြစ်ရာ မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ စေလွှတ်မှု မပြုလုပ်သင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo က သုံးသပ် ပြောကြားလိုက်သည်။

မြန်မာ့ဒီမိုကရေစီ ရွေးကောက်ပွဲ ယုံကြည် စိတ်ချရမှုရှိ၊ မရှိဟူသော အချက်မှာ သံသယ ဝင်စရာ ဖြစ်နေကြောင်း အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့က ထုတ်ဖော်ပြောဆို ထားပြီး အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများနှင့် စစ်အစိုးရအကြား စေ့စပ်ညှိ နှိုင်းမှုများ ပြုလုပ်သင့်သည်ဟု ဆက်လက် တိုက်တွန်းလျက် ရှိသည်။

အကယ်၍ ယခုနှစ်တွင် ဒီမိုကရေစီ ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည်ဆိုပါက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုကာ သူမအား အာဏာ လွှဲပြောင်းပေးခြင်း မပြုခဲ့ပေ။

"ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်သက်သက်ပါ။ ဒါပေမဲ့ ခင်ဗျားတို့ အနေနဲ့ စဉ်းစားကြည့်သင့်တယ်။ ရွေးကောက်ပွဲက ဟာသဇတ်လမ်းကြီး၊ ကစားကွက်ကြီးတစ်ခု ဖြစ်နေမှတော့ ခင်ဗျားတို့ အနေနဲ့ ဘာကိုသွားပြီး လေ့လာမှာလဲ။ မြန်မာစစ်အစိုးရက ရွေကောက်ပွဲ လုပ်ပေးတယ်ဆိုတာ ကလေးတွေ ကစားတာနဲ့ တူနေတယ်" ဟု Romulo က သတင်းထောက်များကို ပြောကြားသည်။

မစ္စတာ Romulo သည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အစရှိသည်တို့နှင့် ပတ်သက်လာပါက ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်သူ၊ ဆော်သြသူတစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခွင့် ရရှိရေး အတွက်လည်း သူက အမြဲပင် တိုက်တွန်းပြောဆိုခဲ့သည်။

သို့သော် စစ်အစိုးရက ရွေးကောက်ပွဲဥပဒေကို အကွက်ဆင် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် ဖန်တီးထားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီမှာလည်း ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့ရာ ယခုဆိုလျှင် တရားဝင်ပါတီအဖြစ်မှ ပယ်ပျက် သွားခဲ့ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ်အတွင်း နေအိမ်အကျယ်ချုပ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ခဲ့သောကြောင့် နောက်ထပ်တစ်ဖန် ၁၈ လ ပြစ်ဒဏ်ကျခံခဲ့ရသည်။ အကြောင်းမှာ အမေရိကန် နိုင်ငံသားတစ်ဦးက သူမ၏ နေအိမ်ထဲသို့ ခိုးဝှက် ဝင်ရောက်ခဲ့သောကြောင့် ဖြစ်သည်။ ပထမပိုင်းတွင် စစ်အစိုးရက သူမအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ကျခံစေရန် အမိန်ချခဲ့သော်လည်း နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ကို ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ယခုအခါ အသက် ၆၃ နှစ်အရွယ် ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကာလအတွင်း ၁၄ နှစ်တာမျှ ဖမ်းဆီးထိန်းချုပ်ခံခဲ့ရသူ ဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) သည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေး မူဝါဒကို စွဲကိုင်ထားရာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ် ပေးရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်စေသည်။

ထို့ပြင် မြန်မာစစ်အစိုးရအား ခိုင်မာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာအောင် ဆော်သြနိုင်ခြင်း မရှိသည့်အတွက် အာဆီယံအဖွဲ့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပစ်တင် ဝေဖန်မှုများကို ခံနေရသည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင် ဖြစ်လာသည်။

Democracy For Burma Blog မှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment