Transparency Myanmar

transparency.myanmar@gmail.com

      ယခုအခါ အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် မြန်မာ စစ်အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လွန်စွာ စိတ်ပျက် အားလျော့လျက် ရှိကြောင်း အာရှဒေသဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန်က သုံးသပ် ပြောကြားလိုက်သည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ခရီးစဉ်အပြီးတွင် ယင်းသို့ မှတ်ချက်ပေး ပြောဆိုခြင်း ဖြစ်သည်။

      မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန် အစိုးရ ပေါ်လစီကို အကောင်အထည် ဖော်နေသော မစ္စတာ Campbell က မြန်မာ အစိုးရ အာဏာပိုင်များသည် အမေရိကန် အစိုးရ၏ တောင်းဆိုချက်များကို တုံ့ပြန်မှု မရှိကြောင်း ထုတ်ဖော် ပြောဆိုသည်။ သို့သော် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး ဟူသော မူဝါဒကို စွန့်လွှတ်မည့် အရိပ်အယောင်မျိုး မစ္စတာ Campbell က ထုတ်ဖော် ပြသခြင်း မရှိပေ။

      ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အပြီး မေလ ၁၀ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ မစ္စတာ Campbell က မြန်မာ အစိုးရ အနေဖြင့် ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အတွက် အမျိုးသားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး တစ်ရပ်ကို ပြုလုပ်ရန် အမေရိကန် အစိုးရက ထပ်မံ တောင်းဆိုထားကြောင်း ပြောကြားသည်။

      မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်မြောက်ရေး၊ တိုင်းရင်းသား လူနည်းစုများနှင့် ဖြစ်ပေါ်လျက် ရှိသော တင်းမာမှုများ လျော့ကျရေး၊ ကုလသမဂ္ဂက ချမှတ်ထားသော မြောက်ကိုရီးယား ဆိုင်ရာ မူဝါဒနှင့်အညီ လိုက်ပါ ဆောင်ရွက်ရေး အစရှိသည်တို့နှင့် ပတ်သက်၍ လှုပ်ရှားမှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

      "အဲဒီ ကိစ္စတွေ အားလုံးက ကျွန်တော်တို့အတွက် ပြဿနာ ဖြစ်စေပါတယ်။ မြန်မာ စစ်အစိုးရ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းနေပါတယ်" ဟု မစ္စတာ Campbell က ပြောသည်။

      ယခု ဒုတိယ အကြိမ်မြောက် ခရီးစဉ်တွင် မစ္စတာ Campbell သည် မြန်မာစစ်အစိုးရ အာဏာပိုင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။

      မြန်မာ စစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲ ဥပဒေသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် ကန့်သတ် ပိတ်ပင်ထားသောကြောင့် NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

      သို့သော်လည်း NLD ပါတီဝင် အချို့က ပါတီအသစ် တစ်ခု ထူထောင်ပြီး ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် ကြိုးပမ်းမည်ဟု သိရသည်။

      မစ္စတာ Campbell က မိမိ ရွေးကောက်ပွဲ ဝင်ရန်နှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် စသည်ဖြင့် ခဲရာခဲဆစ် ဆုံးဖြတ်ချက် ချခဲ့သူများအား အထူးပင် လေးစားမိပါကြောင်း မြန်မာပြည် ခရီးစဉ် အပြီးတွင် ပြောဆိုခဲ့သည်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ထွက်ပေါ်လာစေရန် အမေရိကန် အစိုးရက မြန်မာ စစ်အစိုးရကို ဆက်လက် ဖိအားပေး သွားမည်ဟုလည်း ဆိုသည်။

VOA သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment