Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် အပါအဝင် ပြည်နယ်များတွင် ထုတ်ပြန်ထားသော ကာဖျူး (သတ်မှတ်ချိန် အတွင်း အပြင်မထွက်ရ အမိန့်) ကို အစိုးရက ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။ သို့ရာတွင် ဘန်ကောက် မြို့သူမြို့သားများ အနေဖြင့် အပြင်ထွက်ရန် လိုအပ်လာပါက သတ်မှတ်ချိန်ကို လျှော့ချပေးဖွယ် ရှိသည်ဟု နိုင်ငံပိုင် မီဒီယာက ဆိုသည်။

ကာဖျူးအမိန့်သည် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကုန်ဆုံးမည် ဖြစ်သော်လည်း ထိုင်းအစိုးရ အာဏာပိုင်များ အနေဖြင့် ထပ်မံ တိုးမြှင့် သတ်မှတ်ထားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရက အပတ်စဉ် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

ကာဖျူး အမိန့်အတွက် သတ်မှတ်ချိန် အတိအကျကို နေ့လယ်ပိုင်းတွင် ထုတ်ပြန် ကြေညာမည်ဟု ဆိုသည်။ "အစစ အရာရာ တည်ငြိမ်နေပြီး နဂို အနေအထားကို ပြန်ရောက်နေပါပြီ" ဟု TNA သတင်းဌာနက ၎င်း၏ ပြောကြားချက်ကို ကိုးကား ဖော်ပြသည်။

ဘန်ကောက် လမ်းမများပေါ်တွင် မြူနီစပယ် လုပ်သားများက သန့်ရှင်းရေးများ ပြုလုပ်လျက် ရှိပြီး အစိုးရရုံးများ၊ စာသင်ကျောင်းများကို တနင်္လာနေ့တွင် ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်သည်ဟု ဆိုသည်။

မေလ ၁၉ ရက်နေ့တွင် ထိုင်းစစ်တပ်က ရှပ်နီ ဆန္ဒပြ အုပ်စုများ သပိတ်စခန်း ချရာ လုမ္ပိနီ ပန်းခြံကို ဝင်ရောက် စီးနင်း ဖယ်ရှားပြီးနောက် အာဏာပိုင်များက ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ကြသည်။

ရှပ်နီ ဆန္ဒပြ အုပ်စုများနှင့် စစ်တပ်အကြား အချိန်ကြာမြင့်စွာ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရှပ်နီ ခေါင်းဆောင်များမှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရသည်။ ဆန္ဒပြခေါင်းဆောင် သုံးဦးမှာ သေကြေ ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်မည် စိုးသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့တွင် သွားရောက် အဖမ်းခံခဲ့ကြပြီး ဆန္ဒပြမှုကို ရုပ်သိမ်းရန် ဆော်သြခဲ့ကြသည်။ သို့သော် အချို့သော ဆန္ဒပြ အုပ်စုငယ်များမှာ ဆက်လက် တိုက်ပွဲဝင်နေဆဲပင် ဖြစ်သည်။

နိုင်ငံရေး ပဋိပက္ခကြောင့် ဘန်ကောက်မြို့မှ ဘဏ်များ၊ ရဲစခန်းများ အပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။ ပြည်တွင်း ရုပ်သံမီဒီယာ အဆောက်အအုံနှင့် ဘန်ကောက်မြို့၏ အကြီးဆုံး ရှော့ပင်းစင်တာလည်း မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးပြီး ၄၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြသည်ဟု အစိုးရ အာဏာပိုင်များက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီ ဆန္ဒပြအုပ်စုများက လက်ရှိ အဘီဇစ်အစိုးရအဖွဲ့နှင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။ အကြောင်းမှာ လက်ရှိ ဝန်ကြီးချုပ်သည် ဒီမိုကရေစီ နည်းလမ်းတကျ အာဏာ ရရှိလာခြင်း မဟုတ်သောကြောင့်ဟု ဆိုသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment