Transparency Myanmar

transparency.myanmar@gmail.com

Yahoo News, by Anne Flaherty, 25th May 2010

Obama အစိုးရသည် တနင်္လာနေ့က မြောက်ကိုးရီးယားအား အင်အားပြရန် ရည်ရွယ်လျက် ကိုးရီးယားကျွန်းဆွယ်အနီးတွင် စစ်ရေးသရုပ်ပြပွဲ နှစ်ခု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကြေညာခဲ့ပါသည်။ မြောက်ကိုးရီးယားမှာ တောင်ကိုးရီးယား စစ်သင်္ဘောအား တော်ပီဒိုဖြင့် ပစ်ခတ်မှုတွင် စုံစမ်း စစ်ဆေးသူများ၏ အပြစ်တင်မှုကို ခံနေရသည်။

အမေရိကန် ပြည်ထောင်စု၏ တောင်ကိုးရီးယား အပေါ် ထောက်ခံ ကူညီမှုသည် ရှင်းလင်းပြီး တိကျကြောင်း အိမ်ဖြူတော်မှ ပြောကြားခဲ့ပြီး၊ သတင်းထုတ်ပြန်ချက်တွင် သမ္မတ Obama က စစ်တပ်မှ တပ်မှူးများအား နောင်တွင် ယခုလို ထပ်မံ ဖြစ်ပွားခြင်း မရှိစေရေး တားဆီးရန်နှင့် ထပ်မံဖြစ်ခဲ့ပါက အသင့်ဖြစ်စေရန် တောင်ကိုးရီးယားနှင့် အတူ လုပ်ကိုင်ရေးကို ညွှန်ကြားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မြောက်ကိုးရီးယား ခေါင်းဆောင်များက အဆိုပါ ကိစ္စ အတွက် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ကြပြီး လက်တုန့်ပြန်မှုများ မပြုလုပ်ရန် သတိပေးခဲ့ကြသည်။ သို့သော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က တနင်္လာနေ့က အဆိုပါ ကိစ္စအတွက် မြောက်ကိုးရီးယားကို အပြစ်တင်ခဲ့သည်။

"ကျွန်မတို့ဟာ ရန်လိုမှုတွေ ရန်စမှုတွေ ပိုဆိုးလာမှာကို ရှောင်ရှားနိုင်ဖို့ မနည်း ကြိုးစားနေရပါတယ်'' ဟု ကလင်တန်က Bejing တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ကလင်တန်သည် Bejing တွင် တရုတ်နိုင်ငံအား ၎င်း၏ အိမ်နီးချင်း မဟာမိတ် မြောက်ကိုးရီးယားအား သံတမန်ရေးရာ  အရ အရေးယူရာတွင် ထောက်ခံရန် ဖိအားပေးမည် ဖြစ်သည်။ "မြောက်ကိုးရီးယားရဲ့ ဒေသတွင်း လုပ်ရပ်ဟာ အခြေအနေကို ရုတ်တရက် ဆိုးဆိုးဝါးဝါး ပြောင်းသွားစေနိုင်ပါတယ်'' ဟု သူမက ပြောသည်။

အမေရိကန် အစိုးရ တာဝန်ရှိသူများက စုစည်း ညီညွတ်သော နိုင်ငံတကာ တုန့်ပြန်မှုကို မျှော်လင့်ကြသည်။ စစ်ရေး သရုပ်ပြပွဲ နှစ်ခုသည် မြောက်ကိုးရီးယား၏ စတာလင် လက်သစ် ဝါဒီ အစိုးရက တင်းမာမှု ဖြစ်အောင် ဆွနေမှုကို တားဆီးနိုင်လိမ့်မည်ဟု ယူဆရသည်။

ပြီးခဲ့သည့် အပတ်က နိုင်ငံတကာ စုံစမ်းစစ်ဆေးသူများ ပါဝင်သော အဖွဲ့က တောင်ကိုးရီးယား စစ်သင်္ဘော Cheonan မတ်လ (၂၆) ရက်နေ့က နစ်မြုပ်မှု အတွက် အပြစ်တင်ခဲ့သည်။ တောင်ကိုးရီးယား သင်္ဘောသား (၄၆) ဦး သေဆုံးခဲ့သော နစ်မြှုပ်မှုတွင် တော်ပီဒိုက သင်္ဘောကို နှစ်ပိုင်း ပြတ်စေခဲ့သည်ဟု ဆိုသည်။

အဆိုပါ နစ်မြုပ်မှုသည် တောင်ကိုးရီးယား အတွက် ကိုးရီးယား စစ်ပွဲပြီးကတည်းက စစ်ရေးအရ အဆိုးဝါးဆုံး အန္တရာယ် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ကိုးရီးယားစစ်ပွဲသည် လွန်ခဲ့သောနှစ်ပေါင်း (၆၀) က စတင်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် အပစ်အခတ် ရပ်ဆိုင်းသွားခဲ့သည်။ သို့သော် မည်သည့် ငြိမ်းချမ်းရေး စာချုပ်မျှ ချုပ်ဆိုနိုင်ခြင်း မရှိခဲ့ဘဲ၊ ထိုစဉ်ကတည်းက အမေရိကန်သည် ၎င်း၏ မဟာမိတ် တောင်ကိုးရီးယားတွင် စစ်သား အင်အား (၂၈၀၀၀) ကျော် တပ်စွဲ၍ ကျန်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

Obama အစိုးရသည် တနင်္လာနေ့ အထိ မြောက်ကိုးရီးယားအား အပြစ်တင်ထားသော အစီရင်ခံစာ အပေါ် မည်သို့ တုန့်ပြန်ရမည် ဆိုသည်ကို  ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခဲ့ပေ။

သို့သော် တောင်ကိုးရီးယား သမ္မတက တနင်္လာနေ့က ဆင်းရဲ မွဲတေနေသော မြောက်ကိုးရီးယားနှင့် ကုန်သွယ်မှုများ ရပ်ဆိုင်းရန် ကြေညာခဲ့ခြင်းကြောင့် Obama အစိုးရသည် အင်္ဂါနေ့၌ ဂီယာပြောင်း၍ အရှိန်မြင့်ခဲ့သည်။

ကာကွယ်ရေးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Bryan Whiman က ပြောကြားရာတွင် အမေရိကန်-တောင်ကိုးရီးယား ပူးတွဲ စစ်ရေးပြမှုသည် မကြာမီ ပြုလုပ်မည် ဖြစ်ပြီး၊ ရေငုပ်သင်္ဘောများနှင့် မကောင်းသော အကောက်ကြံမည့် လှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရန် အာရုံထားမည်ဟု ဆိုသည်။

ယခု စစ်ရေးပြပွဲသည် လွန်ခဲ့သော နှစ်လက တော်ပီဒို တိုက်ခိုက်မှုနှင့် တိုက်ရိုက် ပတ်သက်ကြောင်း ပင်တဂွန်က အတည်ပြုခဲ့သည်။

အမေရိကန်၏ ပစိဖိတ် ရေတပ် သင်္ဘောအုပ်စု ပြောခွင့်ရ ပုဂ္ဂိုလ် Jeff Breslau က ပြောကြားရာတွင် အမေရိကန်နှင့် တောင်ကိုးရီးယား တို့သည် ပူးတွဲ စစ်ရေးပြပွဲကို တစ်နှစ်လျှင် (၁၂) ကြိမ်ခန့် ပြုလုပ်လေ့ ရှိကြောင်း၊ အချို့တွင် ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးနှင့် လုံခြုံရေးများ ပါဝင်လေ့ ရှိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တနင်္လာနေ့က မြောက်ကိုးရီးယားအတွက် အထောက်အထားများသည် အားလုံးထက် အရေးကြီးပြီး ဒုက္ခများစေကြောင်း ပြောကြားခဲ့ပြီး၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား ထိုကိစ္စ အရေးယူ ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

"လုံခြုံရေး ကောင်စီ အနေဖြင့် အခြေအနေရဲ့ အရေးမှုနဲ့ လိုက်လျော ညီထွေရှိတဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်'' ဟု  ဘန်ကီမွန်းက ပြောသည်။

သို့သော် မြောက်ကိုးရီးယား အပေါ် တရားဝင် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကိစ္စမှာ တရုတ် အပါအဝင် ဗီတိုအာဏာ ကိုင်စွဲထားသော အဖွဲ့ဝင် ငါးနိုင်ငံ စလုံး၏ ထောက်ခံမှု ရရှိရန် လိုအပ်ပါသည်။ ယခု အချိန်အထိမူ တရုတ်က ကြားနေလျက် ရှိပြီး၊ ပြုံးယမ်း အပေါ် သက်သေ အထောက်အထားများအား မေးခွန်းထုတ်လျက် ရှိသည်။

သို့သော် Bejing တွင် ကုန်သွယ်ရေးနှင့် မဟာဗျူဟာ ကိစ္စများအတွက် စကားပြောရန် ရောက်ရှိနေသော ကလင်တန်က ပြောကြားရာတွင် သူမအနေဖြင့် တရုတ် အစိုးရ တာဝန်ရှိသူများနှင့် ကိုးရီးယား ကိစ္စ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် မိမိတို့ ကြုံတွေ့နေရသော အခြေအနေ၏ အရေးကြီးမှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

"တရုတ်အနေနဲ့ တောင်ကိုးရီးယားတွေရဲ့ တုန့်ပြန်မှုကို နားလည်ပါတယ်။ ဒါ့အပြင် ကိုးရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ ကျွန်မတို့ရဲ့ သီးခြားစီ တာဝန်ရှိမှုကိုပါ သူတို့ နားလည်ပါတယ်'' ဟု ကလင်တန်က ပြောသည်။

တရုတ်သမ္မတ ဟူကျင်တောင်သည် Bejing ဆွေးနွေးပွဲ အဖွင့်တွင် စကားပြောရာ၌ မြောက်ကိုးရီးယား အမည်တပ်၍ ဖော်ပြခြင်း မရှိခဲ့ပေ။ သို့သော် ၎င်းက ဒေသတွင်း အရေးကြီးသော ကိစ္စရပ်များ စီမံခန့်ခွဲရန်နှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ရန် အမေရိကန်နှင့် တရုတ်တို့ တာဝန်ခွဲဝေ ထမ်းဆောင်ရေး ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် တရုတ် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Ma Zhaoxu က ပြောကြားရာတွင် တရုတ်အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်သူ အားလုံး အေးအေးဆေးဆေး ဖြေရှင်းရန်နှင့် ခေါင်းအေးအေး ထားရန် မျှော်လင့်ကြောင်း၊ ပြဿနာပိုမို မဆိုးဝါးလာရေး အတွက် လိုက်လျောညီထွေ ကိုင်တွယ် ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment