Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်ရှိ အထင်ကရ ဈေးကြီးတစ်ခုဖြစ်သော မင်္ဂလာဈေးတွင် မေလ ၂၄ ရက်နေ့က မီးလောင်ကျွမ်းမှုကြီးဖြစ်ပွားရာ ဈေးရှိဆိုင်ခန်း ပေါင်းရာနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆိုင်ပိုင်ရှင်များနှင့် အာဏာပိုင်များကပြောကြားသည်။ သို့သော် မီးလောင်မှုကြောင့် သေဆုံးသူမရှိ ဟုဆိုသည်။

"ဘာကြောင့် မီးလောင်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ မီးသတ်သမား ရာနဲ့ချီပြီး မီးငြှိမ်းသတ်နေတုန်းပဲ" ဟု ရဲအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားသော မင်္ဂလာဈေးမှာ လေးထပ်အဆောက်အအုံဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိသည်။ မင်္ဂလာဈေးသည် လက်ကားဈေးကွက်အတွက် အဓိကဖြန့်ဖြူးရောင်းချရာ ဈေးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့မှ ကုန်သည်များ၊ ဈေးရောင်းသူများ အဓိက အမှီသဟဲပြုရာလည်း ဖြစ်သည်။

"ကျွန်မရဲ့ဆိုင်ခန်းကတော့ လုံးဝကို ပြာကျသွားပါပြီ။ ကျွန်မ ပိုင်ဆိုင်မှု အားလုံး ဆုံးရှုံးသွားတယ်" ဟု မမြင့်မြင့်ဆိုသူ ဈေးဆိုင်ခန်းပိုင်ရှင် တစ်ဦးကဆိုသည်။ မင်္ဂလာဈေး မီးလောင်မှုကို လူပေါင်းများစွာက ရပ်ကြည့်လျက် ရှိသည်ကိုတွေ့ရသည်။

မီးသတ်ကားများသည် မင်္ဂလာဈေးအနီးရှိ ကန်တော်ကြီးရေကန်မှ ရေများကိုစုပ်ယူကာ မီးငြိမ်းသတ်ကြသည်ကို တွေ့ရကြောင်း၊ မီးသတ်သမား ရာပေါင်းများစွာမှာ ကြီးမားသည့် မီးတောက်ကြီးများကို ငြိမ်းသတ်ရန် အစွမ်းကုန်ကြိုးစားကြကြောင်း သိရသည်။

"မီးသတ်သမားတစ်ယောက် စတုတ္ထထပ်မှာ မီးငြှိမ်းသတ်ရင်း ဒဏ်ရာရသွားတယ်။ အဲဒါကလွဲရင် တခြားဘယ်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတယ်လို့ မကြားမိပါဘူး။ ကျွန်တော်တို့ အမြန်ဆုံး မီးငြှိမ်းသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု အခင်းဖြစ်ပွားရာ နေရာတွင်ရှိသော လုံခြုံရေးတာဝန်ခံ တစ်ဦးက ပြောသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment