တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် လာမည့် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြားသော ထိပ်ပိုင်း အရာရှိကြီးများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဂျပန် သတင်းမီဒီယာ တစ်ခုက ရေးသား ဖော်ပြသည်။
Asahi Shimbun သတင်းအေဂျင်စီက သတင်းရင်းမြစ်များကို တွေ့ဆုံ မေးမြန်းခဲ့မှုများ အရ တရုတ်သည် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုရန် ဝန်လေးနေသော်လည်း ယခု ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ခရီးစဉ်သည် မြန်မာ စစ်အစိုးရအပေါ် တရုတ် ကွန်မြူနစ် အစိုးရက ထောက်ခံသည်ကို ထုတ်ဖော် ပြသရန် ဖြစ်ကြောင်း သိရသည်။
မကြာသေးခင် ရက်သတ္တပတ်ခန့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့ကို ဆက်သွယ်ပေးမည့် လမ်းဖောက်လုပ်ရေး စီမံကိန်းအတွက် နှစ်နိုင်ငံ သဘောတူညီမှု စာချုပ် လက်မှတ် ရေးထိုးခဲ့ပြီးနောက် အထက် ဖော်ပြပါ သတင်း ပေးပို့ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ လမ်းဖောက်လုပ်ရေး စီမံကိန်းကို တရုတ်-မြန်မာ စင်္ကြံလမ်း စီမံကိန်းဟု ခေါ်ပြီး နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးအတွက် အရေးကြီးသော အထောက်အပံ့တစ်ခု အဖြစ် သတ်မှတ်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံ ဘင်္ဂလား ပင်လယ်အော်မှ ဓာတ်ငွေ့များကို စုပ်ယူပြီး တရုတ် တောင်ပိုင်း ဒေသသို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများမှာလည်း စတင် အကောင်အထည် ဖော်လျက် ရှိသည်။ ဒေါ်လာ ဘီလျံနှင့် ချီ၍ ကုန်ကျမည့် အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများကြောင့် ဖိအားပေး နေရာပြောင်းရွှေ့မှုများနှင့် အခွင့်အရေး ချိုးဖောက်မှုများ ခံစား နေကြရကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့များက ပြစ်တင် ပြောဆိုလျက် ရှိသည်။
ယခု တရုတ်-မြန်မာ စင်္ကြံလမ်း စီမံကိန်းသည် ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၏ မဟာဗျူဟာ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူ ကိုခိုင်ဝင်းအောင်က ပြောကြားသည်။
"ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် တရုတ် အစိုးရဟာ မြန်မာအစိုးရနဲ့ နယ်စပ် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်လာတာကို တွေ့ရပါတယ်။ အဲဒီအတွက် ဒေါ်လာ ဘီလီယံနဲ့ ချီပြီး အကျိုးအမြတ်တွေ ထွက်လာတာကိုလည်း တွေ့ရတယ်" ဟု ၎င်းက ဆိုသည်။
မြန်မာ အစိုးရပိုင် New Light of Myanmar သတင်းစာ အဆိုအရ တရုတ် သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Li Shenglin နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Ye Dabo တို့သည် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်သို့ သဘော တူညီချက် စာချုပ်ချုပ်ဆိုရန် သွားရောက် ခဲ့ကြသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၂၆၄ သန်းအထိ ရောက်ရှိလာကြောင်း Xinhua သတင်းဌာနက ဆိုသည်။ တရုတ်ပြည်မှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့မှုမှာ ဒေါ်လာ ၂၁၅ သန်းခန့် ရှိသည်။
DVB သတင်းကို ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.