Transparency Myanmar

transparency.myanmar@gmail.com

      ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ် ဖြစ်မှုများနှင့် ပတ်သက်၍ ထိုင်းတရားရုံးတော်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို အကြမ်းဖက်မှုဖြင့် တရားစွဲဆိုဖွယ် ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်း တရားရုံးတော်က မေလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက် ပေးမည် ဖြစ်သည်။

      ထိုင်းအစိုးရ အာဏာပိုင်များကလည်း ကာဖျူး (သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်) ကို ခုနစ်ရက် ထပ်တိုးရန် အဆိုပြုမည်ဟု မျှော်မှန်းရကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

      ထိုင်းအစိုးရ အာဏာပိုင်များက မြို့တော် ဘန်ကောက် အပါအဝင် အနည်းဆုံး ပြည်နယ် သုံးခုတွင် မေလ ၃၁ ရက်နေ့အထိ ကာဖျူးအမိန့် ထားရှိရန် စီစဉ်လျက် ရှိကြောင်း၊ မေလ ၂၄ ရက်နေ့တွင် ပြုလုပ်သော ကက်ဘိနက် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း TNA သတင်းဌာနက ဆိုသည်။

      ထောက်လှမ်းရေး သတင်းများအရ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အုပ်စုများသည် ပဋိပက္ခများနှင့် ရုန်းရင်းဆန်ခတ်မှုများ ထပ်မံ ဖြစ်ပေါ်အောင် ကြိုးစားလျက် ရှိကြောင်း သိရသည်။ ရှပ်နီ ဆန္ဒပြ အုပ်စုများနှင့် စစ်တပ်အကြား အချိန်ကြာမြင့်စွာ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရှပ်နီ ခေါင်းဆောင်များမှာ ဖမ်းဆီး အကျဉ်းချခံခဲ့ရသည်။ ဆန္ဒပြ ခေါင်းဆောင် သုံးဦးမှာ သေကြေ ထိခိုက်မှုများ ပိုမိုဖြစ်ပေါ်မည် စိုးသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့တွင် သွားရောက် အဖမ်းခံခဲ့ကြပြီး ဆန္ဒပြမှုကို ရုပ်သိမ်းရန် ဆော်သြခဲ့ကြသည်။ သို့သော် အချို့သော ဆန္ဒပြ အုပ်စုငယ်များမှာ ဆက်လက် တိုက်ပွဲ ဝင်နေဆဲပင် ဖြစ်သည်။ ရှပ်နီဆန္ဒပြ အုပ်စုများက လက်ရှိ ဝန်ကြီးချုပ် အဘီဇစ်အနေဖြင့် ပါလီမန်ကိုဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် တစ်ရပ် ထပ်မံ ကျင်းပပေးရန် တောင်းဆိုထားကြသည်။

      လက်ရှိ အနေအထားတွင် ထိုင်းအစိုးရ စုံစမ်း စစ်ဆေးရေး အဖွဲ့များက ရာဇဝတ်ခုံရုံး အနေဖြင့် သက်ဆင်ရှင်နာဝပ်ကို ဖမ်းဝရမ်း ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။

      ယခုအခါ ပြည်ပြေးဘဝဖြင့် နိုင်ငံခြားတွင် ရှောင်တိမ်းလျက် ရှိသော သက်ဆင် ရှင်နာဝပ်က မိမိသည် ညီညွတ်သော ဒီမိုကရေစီတပ်ဦး (UFD) ခေါင်းဆောင် မဟုတ်သလို ရှပ်နီဆန္ဒပြ အုပ်စုများ၏ လှုပ်ရှားမှုများသည် မိမိကို ကိုယ်စားပြုခြင်း မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုသည်။ UFD သည် ရှပ်နီ အင်အားစုများ၏ တရားဝင် နာမည် ဖြစ်သည်။

      ထိုင်းအစိုးရ အနေဖြင့် အကြမ်းဖက်မှုများ ကျူးလွန်သူများကို ထုတ်ဖော် အရေးယူရန်သာ တာဝန်ရှိသည်ဟု သက်ဆင်က ဆိုသည်။

      "ဘယ်လို အကြမ်းဖက် လုပ်ရပ်မျိုးကိုမှ ကျွန်တော်အနေနဲ့ သဘောမတူသလို ထောက်ခံ အားပေးမှုလည်း မပြုပါဘူး။ ကျွန်တော် ငြိမ်းချမ်းရေးကို ယုံကြည်တယ်။ အစိုးရ အဖွဲ့ဝင်တွေလိုပဲ ကျွန်တော့် တိုင်းပြည်ကို ကျွန်တော် ချစ်တယ်။ ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့ လုပ်ရပ်တွေနဲ့ပဲ ပဋိပက္ခတွေ အားလုံးကို ပြေလည်စေနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု မစ္စတာ သက်ဆင် ရှင်နာဝပ်က ဆိုသည်။

      နိုင်ငံရေး ပဋိပက္ခကြောင့် ဘန်ကောက်မြို့မှ ဘဏ်များ၊ ရဲစခန်းများ အပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ကျွမ်းခဲ့သည်။ ပြည်တွင်း ရုပ်သံမီဒီယာ အဆောက်အအုံနှင့် 
ဘန်ကောက်မြို့၏ အကြီးဆုံး ရှော့ပင်းစင်တာလည်း မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးပြီး ၄၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြသည်ဟု အစိုးရ အာဏာပိုင်များက ဆိုသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment