Transparency Myanmar

transparency.myanmar@gmail.com

Bangkok, By Ben Doherty, 21th June 2010

ယခုနှစ် ကျင်းပမည့် မြန်မာ ရွေးကောက်ပွဲများက ထိုင်းနိုင်ငံ အတွင်းမှ မူးယစ်ဆေးဝါး တရားမဝင် တင်သွင်းမှုများကို မီးမွှေးသလို ဖြစ်ခဲ့ရခြင်းမှာ သူပုန်စစ်တပ်များက ရွေးကောက် မတိုင်မီ စစ်ဖက် အစိုးရ၏ နှိမ်နင်းဖြိုခွဲမှုကို စိုးရွံ့ကာ လက်နက် ဝယ်ယူရန် အတွက် ဟီးရိုးအင်းနှင့် အင်ဖက်တာမင်း ဆေးပြားများ စုပုံ ရောင်းဝယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သူပုန် စစ်တပ်များအနက် အထင်ရှားဆုံး ဖြစ်သည့် ဝ တပ်ဖွဲ့သည် ဖိနှိပ် ချုပ်ချယ်သော မြန်မာ အစိုးရကို ဆယ်စုနှစ်ချီ တိုက်ခိုက်ခဲ့ရာတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ ရသော ရန်ပုံငွေကို အသုံးပြုခဲ့ပြီး ၎င်းတို့ အခြေစိုက်ရာ နယ်စပ်မှ တကမ္ဘာလုံးသို့ တရားမဝင် ဖြန့်ချီခဲ့ကြသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်က ထိုင်း၊ မြန်မာ၊ လာအို နယ်စပ် ရွှေတြိဂံ နယ်မြေသည် ကမ္ဘာ့ ဟီးရိုးအင်း ထက်ဝက်ကို တင်ပို့ခဲ့သည်။ ယခုအခါ အာဖဂန် နစ္စတန်က ဟီးရိုးအင်း ပိုမို ထုတ်လုပ်လာသော်လည်း မြန်မာနိုင်ငံကမူ မိုးလွတ်လေလွတ် သေးငယ်သော လျှို့ဝှက် ဓာတ်ခွဲခန်းများတွင် စရိတ် သက်သာစွာ ထုတ်လုပ်နိုင်သည့် အင်ဖက်တာမင်းနှင့် မီသိုင်း အင်ဖက်တာမင်း ဆေးပြား အမြောက်အမြားကို ပြောင်းလဲ ထုတ်လုပ်လျက် ရှိသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ချို့ယွင်းချက် အပြည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ တိုးမိ၊ တိုက်မိကြသည့် လက္ခဏာ ရှိသည်။

မြန်မာ စစ်ဖက် အစိုးရက ကတိပေးထားသည့် ယခုနှစ် ရွေးကောက်ပွဲများသည် အောက်တိုဘာလတွင် ကျင်းပရန် အလားအလာ ရှိသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းမှ အနည်းငယ်ခန့်ကသာ ၎င်းတို့ လွတ်လပ်၊ မျှတလိမ့်မည်ဟု မျှော်လင့်ထားသည်။ စစ်ဖက် အုပ်ချုပ်သူများက ရွေးကောက်ပွဲ မတိုင်မီ သူပုန် စစ်တပ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲကာ ၎င်းတို့၏ အုပ်ချုပ်မှု အောက်သို့ ထည့်သွင်းရန် ဆုံးဖြတ်ထားကြသည်။

မြန်မာ စစ်တပ် လက်အောက်သို့ ဝင်ရောက် ပူးပေါင်းရန် ဝတို့အတွက် သတ်မှတ်ထားသော နောက်ဆုံးရက် ကျော်လွန်သွားပြီ ဖြစ်ရာ မြန်မာ အစိုးရ တပ်ဖွဲ့များ တိုက်ခိုက်လာမည်ကို ဝ ခေါင်းဆောင်များ ပိုမို စိုးရိမ်လာကြသည်။

မြန်မာ စစ်တပ် နှင့် လူအင်အား၊ လက်နက်အင်အား မယှဉ်သာ၍ ကြံရာမရ ဖြစ်နေသည့် ဝတို့၏ စစ်ပြင်ဆင်မှုကြောင့် လက်ရှိ လပိုင်းများ အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပမာဏမှာ ကိန်းထပ်ဆင့် တိုးပွားခဲ့သည်ဟု ထိုင်းစစ်တပ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပါ မောင့် အထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ပီရာနိုက် ဂါတီတမ်က ပြောကြားလိုက်သည်။

"ဒီနှစ်ကတော့ အင်ဖက်တာမင်း အများဆုံး ဝင်လာတဲ့နှစ် ဖြစ်လိမ့်မယ်။ မနှစ်က တစ်နှစ်လုံးမှာ ဆေးပြား ၁.၂ သန်း ဖမ်းမိခဲ့တယ်။ ဒီနှစ်တော့ ခြောက်လအတွင်း ဆေးပြား ၅ သန်း ဖမ်းမိထားပြီ။ ဒါဟာ ပေါက်ကွဲမှု တစ်ခုပါပဲ" ဟု ဗိုလ်မှူးကြီး ပီယာနိတ် က ပြောကြားသည်။

နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်နေသော ပမာဏ၏ အလွန်သေးငယ်သော အချိုးမျှကိုသာ အာဏာပိုင်များက တားဆီးနိုင်သည့် လက္ခဏာရှိသည့် ခန့်မှန်းခြေ ၁ % နှင့် ၂ % ကြားသာ ဖမ်းမိသည်ဟု ၎င်းက ပြောကြားသည်။ "အခုဆိုရင် အင်ဖက်တာမင်း အရောင်းအဝယ်က အရမ်းကို ကြီးမားနေပါတယ်။ ဒီနှစ် ထုတ်လုပ်တဲ့ ဆေးပြား သန်း ၃၀၀ နဲ့ သန်း ၄၀၀ ဝန်းကျင် ရှိမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အတိအကျ သိဖို့တော့ ခက်ပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများသည် အသစ် ဆောက်လုပ်မှုများနှင့်အတူ နာရီလက်တံကဲ့သို့ လည်ပတ် ဆောင်ရွက်နေသည်ဟု မြန်မာ သတင်းရပ်ကွက်မှ သိရှိရသည်။ ထို့အတူ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ သိမ်းဆည်းမိသော မူးယစ်ဆေးဝါး ပမာဏမှာလည်း များသထက် များလာသည်။

ယခုကိစ္စများကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့နည်းတူ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂ ဌာန UNODC ကလည်း သိရှိထားသည်။

"မြန်မာ အစိုးရရဲ့ ခြိမ်းခြောက်မှုကို စိုးရွံ့နေကြတဲ့ လက်နက်ကိုင် အုပ်စုတွေဟာ သူတို့ ရှင်သန်နိုင်ဖို့နဲ့ သူတို့နယ်မြေကို ထိန်းချုပ်နိုင်ဖို့ အတွက် မူးယစ်ဆေးဝါး အရောင်းအဝယ်ကို အသုံးချ နေကြပါတယ်" ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Cary Lewis က ပြောကြားသည်။

ဝ တို့သည် မူးယစ်ဆေးမှ ရရှိသော ပိုက်ဆံများဖြင့် တရုတ်ထံမှ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်များနှင့် AK ၄၇ ချေမှုန်းရေး​ ရိုင်ဖယ်များ ဝယ်ယူကာ လက်နက် တပ်ဆင်နေကြသည်ဟု ဗိုလ်မှူးကြီး ပီယာနိတ်က ပြောကြားသည်။

"မြန်မာ စစ်တပ်က ဝတွေကို လက်နက် ဖြုတ်သိမ်းချင်တယ်။ နယ်ခြားစောင့်တပ် အဖြစ်နဲ့ အစိုးရ လက်အောက်ကို ဝင်လာအောင်လို့ပါ။ ဒါပေမယ့် ဝ တွေက ဘယ်တော့မှ သဘောတူမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ထဲ ဝင်လာမယ့် အစိုးရ စစ်တပ်ကို ပြန်တိုက်ဖို့ ပြင်ဆင်နေပါတယ်။ ဝ တွေဟာ ပြန်တိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သူတို့က မူးယစ်ဆေးဝါးကို များသထက် များများ ပိုရောင်းနေတော့ အစိုးရကို တိုက်ဖို့ လက်နက်တွေ ဝယ်နိုင်တာပေါ့။ သူတို့ဟာ နယ်စပ်မှာ မူးယစ်ဆေးပြားတွေ သန်းနဲ့ ချီပြီး ထုတ်လုပ် ရောင်းချနေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ နယ်စပ် အနီးမှ ဝ စစ်သားများနှင့် The Age က တွေ့ဆုံခဲ့ရာတွင် ဝ တို့က ရွေးကောက်ပွဲတွင် ပါဝင်မည် မဟုတ်ဟု ပြောကြားခဲ့ပြီး တရားမဝင်သည့် ရက်စက်သော အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန်ခဲ့ကြသည်။

မိမိတို့ နယ်မြေကို ကာကွယ်မည်။ မိမိတို့ လူမျိုးအတွက် တိုက်ခိုက်မည်ဟု ၎င်းတို့က ကြွေးကြော်ထားသည်။

မူးယစ်ဆေးဝါး အကြောင်း ဆွေးနွေးရန်ကိုမူ ၎င်းတို့က ငြင်းဆန်ခဲ့သည်။ "ဒီနေရာမှာ ကျွန်တော်တို့ ဘဝတွေက ကြမ်းတမ်းပါတယ်။ ဆင်းရဲပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကျွေးမွေးဖို့ ဘယ်နည်းနဲ့မဆို ပိုက်ဆံရှာဖို့ လိုနေပါတယ်။ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တယ် မဟုတ်လား" ဟု ၎င်းတို့က ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်က မူးယစ်ဆေး အရောင်းအဝယ် လုပ်ခဲ့ပြီး၊ ယခု ထိုင်း စစ်တပ် အတွက် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းပေး လုပ်နေသူ ဝ လူမျိုးတစ်ဦးက "ဝ တွေက အရမ်း စိုးရိမ်နေကြပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ချုပ်ကိုင်နိုင်ဖို့အတွက် မြန်မာ စစ်သားတွေ ဝင်လာတော့မယ်လို့ သူတို့ ထင်နေကြတာပါ။ စစ်သားတွေက ကြောက်နေကြတယ်။ ဒါကြောင့် မူးယစ်ဆေးဝါး များများ ရောင်းပြီး လက်နက် အများကြီး ဝယ်ကြတယ်။ ဒါမှ စစ်တိုက်နိုင်မယ်လေ။ အခုတော့ မွေးရာပါ တိုက်ဆိုရင် တိုက်ကြမှာပဲ" ဟု မှတ်ချက်ပေးခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment