Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံရေး လှုပ်ရှားသူများက ဆန္ဒပြပွဲများ ကျင်းပ ပြုလုပ်ပြီး ကမ္ဘာ့ ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် စစ်အစိုးရကို တောင်းဆိုခဲ့ကြသည်။

မြန်မာ စစ်အစိုးရသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၁၅ နှစ်နီးပါး ဖမ်းဆီး ထိန်းသိမ်းခဲ့ရုံသာမက ယခုနှစ်တွင်း ကျင်းပရန် ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင်လည်း ဥပဒေများဖြင့် ကန့်သတ် ပိတ်ပင်ထားသည်။ ယင်းရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ်ကိုသာ သက်ဆိုး ရှည်စေမည် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီး ထိန်းသိမ်းထားမှုသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပေဒ ချိုးဖောက်မှု တစ်ခု ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် သူမကို အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း ပြောဆိုလိုက်သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သဝဏ်လွှာ ပေးပို့ပြီး သူမ၏ စွန့်လွှတ် စွန့်စားမှု၊ ရဲဝံ့ ပြတ်သားမှုများကို ချီးမွမ်း ထောပနာ ပြုခဲ့သည်။

"မြန်မာ အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပြီး မြန်မာ ပြည်သူ ပြည်သားများ၏ အခွင့်အရေးအတွက် ပိုမို တည်ငြိမ်မှု ရှိပြီး ကြွယ်ဝ ချမ်းသာသော နိုင်ငံ တည်ဆောက်ရေးတွင် ပါဝင်ခွင့် ပြုပေးရန် ကျွန်တော် ထပ်မံ၍ တိုက်တွန်းလိုက်ပါသည်" ဟု အမေရိကန် သမ္မတက ဆိုသည်။

စစ်အာဏာရှင် စနစ် အုပ်စိုးသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်လာလျှင် လေဒီ ဟူသော ဝေါဟာရမှာ လွန်စွာ သြဇာအာဏာ ပြင်းထန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လေဒီဟု သတ်မှတ် ခေါ်ဆိုကြခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရသည့် သူမ၏ နေအိမ်တွင် လက်ထောက် အမျိုးသမီး နှစ်ဦးနှင့် အတူ နေထိုင်ရသည်။ အိမ်တွင် တယ်လီဖုန်း၊ အင်တာနက် အဆက်အသွယ် လုံးလုံးလျားလျား မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အား သူမကို ထောက်ခံသူ ၄၀၀ ခန့်က ကျင်းပခဲ့ကြသည်။ ထိုအခမ်းအနားသို့ အရပ်ဘက် ဝတ်စုံ ဝတ်ဆင်ထားသော ရဲများ လာရောက်ပြီး ဓာတ်ပုံမှတ်တမ်း ရိုက်ယူကြသည်။

"ကျွန်တော်တို့ NLD အဖွဲ့ဝင်တွေ၊ ဒေါ်စုရဲ့ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ စုပြီး သူမအတွက် ဆုမွန်ကောင်း တောင်းပေးကြပါတယ်။ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းကြပါတယ်" ဟု NLD မှ စီနီယာ ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက "လက်ရှိ အခြေအနေမှာ အရေး အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ပါပဲ။ ဒေါ်စုဟာ အဖမ်းခံထားရပေမယ့် ဘယ်တော့မှ စိတ်ဓာတ် မကျတဲ့သူပါ" ဟု ပြောကြားသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment