Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင် နျူကလီးယား အစီအစဉ်များ ဆောင်ရွက်လျက် ရှိသည် ဟူသော သတင်း ပေးပို့ချက်များမှာ မှန်ကန်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ၏ နျူကလီးယား အေဂျင်စီ ဖြစ်သည့် နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ဆိုင်ရာ မြန်မာ ကိုယ်စားလှယ် သံအမတ်ကြီး ဦးတင်ဝင်းက IAEA သို့ စာတစ်စောင် ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ယခင် အတိတ်ကာလတွင် နျူကလီးယား အစီအစဉ်များ ပြုလုပ်ခဲ့ခြင်း မရှိသလို လက်ရှိ ကာလတွင်လည်း လုပ်ကိုင်နေခြင်း မရှိကြောင်း၊ ထို့အတူ အနာဂတ် ကာလတွင်လည်း နျူကလီးယား စီမံကိန်းများ လုပ်ဆောင်သွားရန် အစီအစဉ် မရှိပါကြောင်း ဦးတင်ဝင်းက IAEA သို့ ပေးပို့သည့် စာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် နျူကလီးယား အစီအစဉ်များ လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည် ဟူသော အလားတူ စွပ်စွဲချက်များကို စစ်အစိုးရက ငြင်းပယ်ခဲ့ဖူးသည်။ သို့သော် လတ်တလော ကာလတွင် မြန်မာနိုင်ငံ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ သံသယဖြစ်မှုများ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အဆမတန် တိုးပွားလျက် ရှိသည်။

မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းနှင့် စပ်လျဉ်းသည့် ပြည်ပ မီဒီယာများ၏ သတင်း ပေးပို့ချက်များသည် "အခြေအမြစ် မရှိသလို မှန်ကန်မှုလည်း မရှိ" ဟု ဦးတင်ဝင်း၏ စာကို ကိုးကားပြီး New Light of Myanmar သတင်းစာက ရေးသား ဖော်ပြသည်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ကလည်း ဇွန်လ ၁၁ ရက်နေ့တွင် အဆိုပါ ကိစ္စသည် မဟုတ်မမှန်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

"မြန်မာနိုင်ငံတွင် ယူရေနီယံ သတ္တုအား ပုံစံပြောင်းခြင်း၊ အင်အား ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ (သို့မဟုတ်) နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း (သို့မဟုတ်) တည်ဆောက်လျက် ရှိခြင်း (သို့မဟုတ်) ယခင်က ဆောက်လုပ်ထားသည့် အစီအစဉ် ရှိခဲ့ခြင်း၊ (သို့မဟုတ်) လာမည့် အနာဂတ် ကာလတွင် ဆောက်လုပ်ရန် စီမံထားခြင်း လုံးဝ မရှိပါ" ဟု IAEA သို့ ပေးပို့သည့် စာတွင် ထည့်သွင်း ရေးသားသည်။

ဇွန်လ ၁၄ ရက်နေ့တွင် IAEA မှ Division of Operations A, Department of Safeguards ၏ ဒါရိုက်တာ Marco Marzo က မြန်မာနိုင်ငံတွင် နျူကလီးယား အစီအစဉ် လုပ်ဆောင်ခြင်း ရှိ၊ မရှိကို အသေးစိတ် ဖော်ပြပေးရန် စာတစ်စောင် ပေးပို့ခဲ့ခြင်းအပေါ် ဦးတင်ဝင်းက ပြန်စာ ပေးပို့ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းတွင် နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက မြန်မာ စစ်အစိုးရသည် မြောက်ကိုရီးယား နိုင်ငံ အကူအညီဖြင့် နျူကလီးယား လက်နက် ထုတ်လုပ်မည့် အစီအစဉ် တစ်ရပ်ကို အကောင်အထည် ဖော်လျက် ရှိကြောင်း၊ ဗုံးများနှင့် တာဝေးပစ် ဒုံးကျည် ထုတ်လုပ်ရန်လည်း ရည်မှန်းချက် ရှိကြောင်း ပြည်ပြေး စစ်ဘက် အရာရှိ တစ်ဦး၏ သတင်း ဖော်ထုတ်မှုကို ကိုးကား၍ စွပ်စွဲရေးသားခဲ့သည်။

ငါးနှစ်တာ ကာလမျှ ပြုလုပ်ခဲ့သော လေ့လာချက်များ၊ ပြည်ပြေး စစ်ဘက် အရာရှိတစ်ဦးက ပေးပို့သော မှတ်တမ်းများ၊ ဖိုင်တွဲများ၊ ဓာတ်ပုံများဖြင့် အဆိုပါ သတင်း အစီရင်ခံချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း DVB က ဆိုသည်။ သို့သော် မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက် ထုတ်လုပ်နိုင်လောက်သည့် နည်းပညာ မရှိသေးဟု ဆိုသည်။

မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ် (Nuclear Non-Proliferation Treaty) အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပြီး နျူကလီးယား ပစ္စည်းများနှင့် စက်ရုံများအား IAEA ၏ စောင့်ကြည့်မှု အောက်တွင် ထားရှိရေးဆိုင်ရာ သဘောတူညီချက် (Safeguards Agreement) လက်မှတ် ရေးထိုးထားသော နိုင်ငံ ဖြစ်သည်ဟု ဦးတင်ဝင်းက ၎င်း၏ စာတွင် အသိပေး ဖော်ပြထားသည်။

"သဘော တူညီချက်တွင် ပြဋ္ဌာန်း ထားသည့်အတိုင်း အကယ်၍ နျူကလီးယား ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်မည် ဆိုပါက IAEA သို့ အသိပေး အကြောင်းကြားမည် ဖြစ်သည်" ဟု ဆိုသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment