Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ မြောက်ပိုင်းဒေတွင် ရေဒါ စနစ်သစ် တစ်ခုနှင့် ဒုံးကျည် အခြေစိုက် စခန်း တစ်ခုကို တည်ဆောက် တပ်ဆင်လုပ်ငန်းများ ပြီးစီးသွားပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ မြန်မာစစ်တပ်က သိုမှီး သိမ်းဆီးထားသည့် စစ်လက်နက်များကို အဆိုပါ မြောက်ပိုင်းဒေသသို့ စစ်ထရပ်ကားများနှင့် သယ်ယူ ပို့ဆောင်ကာ တည်ဆောက် တပ်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်း ပေးပို့ချက်များက ဆိုသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က DVB သတင်းဌာနသို့ ပြောပြချက်အရ ဒုံးကျည် ပစ်လွှတ်သည့် စင်များ (မြောက်ကိုရီးယား နိုင်ငံလုပ် ၁၂၂ မမ ရော့ကက် ပစ်လွှတ်သည့် စနစ်ပါသော စစ်သုံးယာဉ်များ အပါအဝင်) ကို ကချင်ပြည်နယ် မိုးညှင်းဒေသရှိ စစ်အခြေစိုက် စခန်းတွင် တပ်ဆင်ထားပြီး ဖြစ်သည်။

အဆိုပါ စခန်းကို တပ်မတော် အမြောက်တပ်ရင်း ၆၀၃ က ထိန်းချုပ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်တောင်ဘက် မိုင်၈၀ အကွာ၊ တရုတ်နှင့် အိန္ဒိယ နယ်စပ် အကွာအဝေး တူညီသည့် ဒေသကြားတွင် တည်ရှိသည်။ မြန်မာစစ်တပ်က ရေဒါ ထိန်းချုပ်ရေး စနစ် ပါဝင်သော စစ်လက်နက် ခဲယမ်း မီးကျောက်များကို ထရပ်ကားများဖြင့် တင်ဆောင်ကာ ရန်ကုန်မြို့မှ အဆိုပါ ဒေသသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုံးကျည်စခန်းကို မေလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် လအတန်ကြာ အချိန်ယူပြီး ဦးစားပေး ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မိုးညှင်းမြို့နှင့် နီးကပ်သော တောင်ကုန်း တစ်ခုတွင်လည်း ဓူဝံ အမည်ရ နောက်ထပ် ရေဒါစခန်း တစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ရေဒါနှင့် ဒုံးကျည်စနစ် တပ်ဆင် စစ်ဆေးမှုများ ပြုလုပ်ရန် ရုရှား နည်းပညာရှင် နှစ်ဦး မြစ်ကြီးနားမြို့မှ တစ်ဆင့် ရောက်ရှိလာကြောင်း သတင်းရင်းမြစ်က ဆိုသည်။ယင်း မိုးညှင်းဒုံးကျည်နှင့် ရေဒါစခန်းသည် ၂၀၁၀ ပြည့်နှစ်အတွင်း စတုတ္ထမြောက် တပ်ဆင် ဖွင့်လှစ်လိုက်သည့် စခန်း ဖြစ်သည်။ အလားတူ စခန်းနှစ်ခုကို ရှမ်းပြည်နယ်၊ နောင်ချို နှင့် ကျိုင်းတုံ မြို့နယ်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ ကျန်တစ်ခုမှာ မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်တွင် တည်ဆောက်ထားသည်။

အဆိုပါ စစ်လက်နက် ပစ္စည်းများမှာ ပြီးခဲ့သည့် ဧပြီလအတွင်း မြောက်ကိုရီးယား နိုင်ငံမှ Chong Gen သင်္ဘောဖြင့် တင်ပို့လိုက်သော ကုန်ပစ္စည်းများနှင့် ဆက်စပ်မှု ရှိမည်ဟု သံသယ ဖြစ်ဖွယ် ရှိသည်။ မြောက်ကိုရီးယား သင်္ဘော မြန်မာနိုင်ငံသို့ လာရောက်ပြီး နှစ်လခန့် အကြာတွင် DVB သတင်းဌာနက မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား အကြား အဆင့်မြင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သည့် သက်သေ အထောက်အထားများကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ် သတင်း ပေးပို့မှုသည် မြောက်ကိုရီးယား စစ်လက်နက်များ မြန်မာနိုင်ငံတွင် ပထမဆုံး တွေ့ရှိရသည့် ကိစ္စ ဖြစ်သည်။

"မြောက်ကိုရီးယား သင်္ဘော Chong Gen ရန်ကုန် သီလဝါ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတုန်းက ဘေးပတ်ဝန်းကျင် မြို့နယ်တွေ အားလုံး လျှပ်စစ်မီး ဖြတ်တောက်ထားတယ်။ သင်္ဘောပေါ်က ကုန်ပစ္စည်းတွေ ချတဲ့ အချိန်မှာ မှောင်မည်းနေပြီး လုံခြုံရေးကိုလည်း အလွန်အမင်း တင်းကြပ်ထားတယ်" ဟု မြန်မာနှင့် မြောက်ကိုရီးယား ရေးရာ ကျွမ်းကျင် သူ Bertil Lintner က ပြောကြားသည်။

"ကျွန်တော် ကြားတာတော့ အဲဒီ ကုန်ပစ္စည်းတွေထဲမှာ ရေဒါစနစ်တွေ ပါတယ် ဆိုတာပါပဲ။ ဒုံးကျည်တွေ ပါတယ်၊ မပါဘူး ဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိပါတယ်" ဟု ၎င်းက ဆိုသည်။ မြန်မာ စစ်အစိုးရ ခေါင်းဆောင် တစ်ဦး ဖြစ်သော ဗိုလ်ချုပ်ကြီး ရွှေမန်း မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်သည့် သတင်း ဓာတ်ပုံများအရ ၎င်းသည် လေကြောင်း ကာကွယ်ရေး ရေဒါစခန်းနှင့် ဒုံးကျည် လက်နက်ထုတ် စက်ရုံများသို့ သွားရောက် လည်ပတ်ခဲ့သည်ကို တွေ့ရသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ခန့် လောက်ကလည်း မြောက်ကိုရီးယား နိုင်ငံသားများသည် တရုတ်နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ ကမ္ဘာလှည့် ခရီးသွားများ အသွင်ဖြင့် ခရီးသွား ဘတ်စကား တစ်စီးဖြင့် ရုပ်ဖျက်ကာ ဝင်ရောက်ခဲ့ကြသည်ဟု မစ္စတာ Bertil Lintner က ပြောသည်။

"ကမ္ဘာလှည့် ခရီးသည် ပုံစံ လုပ်ထားတဲ့ မြောက်ကိုရီးယား အယောက် ၃၀ ကနေ ၄၀ လောက် တရုတ်ဘက်ကနေ တစ်ဆင့် ဝင်လာတာ။ ပြီးတော့ သူတို့တွေ အားလုံး မန္တလေးတိုင်း အနောက်ဘက်က ဒုံးကျည် ထုတ်လုပ်တဲ့ စက်ရုံလို့ ထင်ရတဲ့ နေရာကို တန်းသွားကြတာပဲ" ဟု ၎င်းက ပြောသည်။ မိုးညှင်း အခြေစိုက် စခန်းထားရှိသည့် နေရာမှာ နားလည်ရန် အလွန် ခက်ခဲကြောင်း၊ အကြောင်းမှာ မည်သည့် နယ်စပ် ဒေသနှင့်မျှ နီးစပ်မှု မရှိသောကြောင့် ဖြစ်ကြောင်း မစ္စတာ Bertil Lintner က ဆိုသည်။

"အဲဒီ နေရာက မြောက်ပိုင်း ဒေသရဲ့ အလယ်ကောင် တည့်တည့်လောက်မှာ ရှိတာ။ ဖြစ်နိုင်တာတော့ စစ်တပ်က တရုတ်နဲ့ အိန္ဒိယကို ခုခံ ကာကွယ်ချင်တဲ့ ပုံစံတော့ မဟုတ်ဘူး" ဟုလည်း ဆက်လက် ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်ပရန်သူ တစ်စုံတစ်ရာမျှ မရှိသည့်တိုင် မြန်မာ စစ်အစိုးရက စစ်ရေး အင်အားကို အလွန်အမင်း တောင့်တင်း ခိုင်မာအောင် လုပ်ဆောင်လျက် ရှိသည်။ သို့သော် မြန်မာနိုင်ငံတွင်း အစိုးရအတိုက်အခံ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကို အသာစီး ရယူရန် ယင်းသို့ စစ်အင်အား တိုးချဲ့ ပြနေခြင်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေ မြန်မာနိုင်ငံတွင် နျူကလီယာ အစီအစဉ် လုပ်ဆောင်လျက် ရှိသည် ဟူသော စွပ်စွဲချက်များကလည်း အရေးကိစ္စများကို နားလည်ရန် ပိုမို ခက်ခဲစေသည်။

"စစ်တပ်က ပြည်ပ ရန်သူတွေ ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲ ပြောနေတယ်။ တစ်ချိန်တည်းမှာပဲ သူတို့က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ခြိမ်းခြောက်ဖို့ ဆန္ဒ ရှိနေတယ် ဆိုတာ ပေါ်လွင်ပါတယ်" ဟု တရုတ်မြန်မာ နယ်စပ်ဒေသတွင် နေထိုင်သော စစ်ရေး လေ့လာ သုံးသပ်သူ ကိုအောင်ကျော်ဇောက ပြောသည်။ "မြန်မာ စစ်တပ်က ဒုံးကျည် လက်နက်တွေကို ပြပြီး ပြည်သူတွေကို တုန်လှုပ် ခြောက်ခြားအောင် လုပ်ချင်နေတာ" ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment