Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား ကွန်မြူနစ်ပါတီသည် ကျင်းပခဲ့သော ပါတီ၏ နိုင်ငံရေးဗျူရို အစည်းအဝေးပွဲ တစ်ရပ်ကို စက်တင်ဘာလတွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက သတင်းပေးပို့သည်။

အဆိုပါ အစည်းအဝေးတွင် ကိုရီးယား အလုပ်သမားပါတီ (WPK) အတွက် ခေါင်းဆောင်များကို ရွေးချယ် တင်မြှောက်မည် ဖြစ်သည်ဟု မြောက်ကိုရီးယား သတင်းဌာန NKCNA က ဆိုသည်။ မြောက်ကိုရီးယား အရေး လေ့လာ သုံးသပ်သူများက အဆိုပါ ကိစ္စသည် လျှို့ဝှက် သိုသိပ်သော မြောက်ကိုရီးယား နိုင်ငံတွင်း နိုင်ငံရေးအာဏာ ပြောင်းလဲမှု သင်္ကေတ တစ်ရပ် ဖြစ်နိုင်ကြောင်း ပြောကြားသည်။

လက်ရှိခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် ကျန်းမာရေး ညံ့ဖျင်းနေသည်ဟု ယုံကြည်ရပြီး သူ၏ သားတစ်ယောက် ဖြစ်သူ ကင်ဂျွန်အန်ကို ရာထူးအမွေ ဆက်ခံစေမည်ဟုလည်း ယူဆရသည်။

စက်တင်ဘာတွင် ကျင်းပမည့် နိုင်ငံရေးဗျူရို အစည်းအဝေးပွဲသည် ကွန်မြူနစ်ပါတီတွင် ထိပ်ပိုင်းအဖွဲ့ ဖြစ်သော ကိုရီးယား အလုပ်သမားပါတီ၏ ခေါင်းဆောင်ပိုင်း ရာထူးကို ရွေးကောက် တင်မြှောက်သည့် ပွဲလည်း ဖြစ်သည် ဟု အစိုးရက ကြေညာသည်။

"ကျွန်ုပ်တို့သည် ယခုအခါ WPK ဖွံ့ဖြိုးရေးအတွက် တော်လှန်ရေး ဆန်ပြီး အရေးပါသည့် လုပ်ငန်းစဉ် တစ်ရပ် လုပ်ကိုင်ရမည့် အခြေအနေတွင် ရှိသည်။ ယင်းသည် WPK ကို ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ ဂုဏ်သိက္ခာ ရှိသော ပါတီကြီး တစ်ခုအဖြစ် ပြောင်းလဲရန်၊ စစ်ရေး လုပ်ကိုင်မှုများ တိုးမြှင့်ရန်၊ အင်အားကြီးမားပြီး ကြွယ်ဝ ချမ်းသာသော မဟာ ဆိုရှယ်လစ် နိုင်ငံတော် တစ်ခုအဖြစ် ဂုဏ်ယူ ဝံ့ကြွားနိုင်ရန် ဖြစ်သည်" ဟု ကြေညာချက်က ဆိုသည်။

အမေရိကန် သတိပေးမှု

မစ္စတာ ကင်ဂျုံအီလ်သည် မြောက်ကိုရီးယား နိုင်ငံကို ထူထောင်ခဲ့သူ ဖခင်ကြီး ကင်အီဆွန်း ၁၉၉၀ ပြည့်နှစ်တွင် ကွယ်လွန်သွားပြီးနောက် ၎င်း၏ အရိုက်အရာကို ဆက်ခံခဲသည်။

၂၀၀၈ ခုနှစ်တွင် လေသင်တုန်း ရောဂါ ဖြစ်ပေါ်ခဲ့သောကြောင့် လက်ရှိ အနေအထားတွင် မကျန်းမမာ ဖြစ်နေသည်ဟု ယုံကြည်ရသော မစ္စတာ ကင်ဂျုံအီလ် ၏နေရာကို သားတော်မောင် ကင်ဂျွန်အန်း ဆက်ခံနိုင်ရန် ယခု စက်တင်ဘာ ဆွေးနွေးပွဲက ပြုလုပ်ပေးလိမ့်မည် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

အစည်းအဝေး ကြေညာချက်သည် သုံးနှစ်တာ ဖြစ်ပွားခဲ့သော ကိုရီးယား စစ်ပွဲ စတင်သည့် နှစ် ၆၀ ပြည့်နှစ် အထိမ်းအမှတ်ပြီး နောက်တစ်နေ့တွင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ ကြေညာချက်သည် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယား အနေဖြင့် ဒေသတွင်း တင်းမာမှုများ ဖြစ်ပေါ်စေမည့် လုပ်ရပ်များကို မပြုလုပ်ရန် သတိပေးလိုက်ပြီးနောက် မကြာမီ အချိန်တွင် ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု အစီအစဉ်သစ်များအတွက် ပြင်ဆင်နေသည်ဟု စိုးရိမ်မိကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောဆိုထားသည်။

မြောက်ကိုရီးယားသည် အနောက်ဘက် ကမ်းခြေ ဒေသတွင်း သင်္ဘောများ သွားလာမှုကို ကိုးရက်တာမျှ မပြုလုပ်ရန် ကြေညာချက် ထုတ်ပြန်ထားသည်ကိုလည်း သိရှိထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment