Transparency Myanmar

transparency.myanmar@gmail.com

ဥပဒေ စည်းမျဉ်းစည်းကမ်း မရှိမှုနှင့် စနစ်တကျ အဂတိ လိုက်စားမှုများ ဒွန်တွဲနေခြင်းကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စရပ်များ ပိတ်ပင်ခံနေရကြောင်း Asian Legal Resource Centre (ALRC) က ကုလသမဂ္ဂကို ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် နိုင်ငံတကာ ဥပဒေများနှင့် ကိုက်ညီမှုရှိ၊ မရှိ လေ့လာ ဆန်းစစ်သည့် စံချိန်စံနှုန်းများနှင့် အညီ ရီဗျူးလုပ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ စာမျက်နှာ ငါးမျက်နှာပါ အစီရင်ခံစာ တစ်ရပ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားသော ဥပဒေ ၁၉ မျိုးကို ဖိုးကပ်စ် လုပ်ထားသည့် စာမျက်နှာ ၃၀ ပါ နောက်ဆက်တွဲ အစီရင်ခံစာကိုလည်း ထည့်သွင်း ဖော်ပြသည်။

ALRC အဖွဲ့၏ အဆိုအရ ကုလ လူ့အခွင့်အရေး ကောင်စီက နိုင်ငံရေး ပါတီများသည် နိုင်ငံတကာ ဥပဒေ စံချိန်စံနှုန်းများနှင့် ကိုက်ညီအောင် လုပ်ဆောင်နိုင်သူများအဖြစ် မျှော်မှန်း သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် ဆန့်ကျင်ဘက် သဘောမျိုးကို တွေ့ရှိရကြောင်း သိရသည်။ "မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို အကာအကွယ် ပေးနိုင်သည့် ဥပေဒ စည်းမျဉ်း စည်းကမ်းများ အားနည်းနေသည်" ဟု ALRC က ဆိုသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ပြီး ဘက်လိုက်မှု မရှိသော တရားစီရင်ရေး မဏ္ဍိုင် မရှိသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည် ဟု ဟောင်ကောင် အခြေစိုက် ALRC အဖွဲ့က ပြောကြားသည်။

"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် စစ်တပ်အသွင် ဆောင်နေသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ ပြုလုပ်လျက် ရှိသည်။ အမှားကို အမှန်ဖြစ်အောင် ထိထိ ရောက်ရောက် လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းများ လျော့နည်းနေသည်" ဟု အစီရင်ခံစာကို နိဂုံးချုပ် ရေးသားသည်။

ALRC ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စအပေါ် တရားဝင် အသိအမှတ်ပြု လက်ခံလာအောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိက အဟန့်အထားကြီး နှစ်ရပ် ရှိနေသည်ကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းအဟန့်အတား နှစ်ရပ်မှာ-- နံပါတ် (၁) ဥပဒေ စည်းမျဉ်း စည်းကမ်းများသည် အာဏာပိုင်များ၏ လုပ်ပိုင်ခွင့် တစ်ရပ်အဖြစ် တည်ရှိနေသောကြောင့် တရားစီရင်ရေး အခန်းကဏ္ဍသည် ဥပဒေ ပြဋ္ဌာန်းရေးထက် မူဝါဒ ချမှတ်ရေး အသွင် ဆောင်နေခြင်း၊ နံပါတ် (၂) အဂတိ လိုက်စားမှုများ စနစ်တကျ ဖြစ်ပေါ်နေခြင်း စသည်တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် အခွင့်အရေးများ အားလုံးကို မသိကျိုးနွံ ပြုစေသော စာရွက်စာတမ်း တစ်ခုမျှသာ ဖြစ်သည်ဟု ALRC က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အတိုင်းအတာ တစ်ခုအထိ ထုတ်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း၊
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မည့် မဟာဗျူဟာများ ချမှတ်နိုင်မည့် နည်းလမ်းများလည်း မရှိကြောင်း သုံးသပ် ဝေဖန်သည်။

မြန်မာနိုင်ငံတွင် သိသာ ထင်ရှားသော နိုင်ငံရေး ပြောင်းလဲမှုများ မရှိသော်လည်း လူ့အခွင့်အရေး အခြေအနေများ တိုးတက် ကောင်းမွန်လာအောင် ထူးထူးခြားခြား လုပ်ဆောင်ပေးနိုင်မှုလည်း လူ့အခွင့်အရေး ကောင်စီတွင် မရှိကြောင်း ALRC က သတိပေး ပြောဆိုသည်။

လူ့အခွင့်အရေး ကောင်စီ အနေဖြင့် အခြားသော ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ကာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ပြဿနာများ အဆုံးသတ်နိုင်သည်အထိ လုပ်ဆောင်ရန် လိုအပ်သည်ဟု အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စများကို ကာလ ကြာရှည်စွာ အသေးစိတ် လေ့လာမှု၊ ကျွမ်းကျင်သူများ၏ အကဲဖြတ်မှု၊ လူ့အခွင့်အရေး ပြဿနာ ရာပေါင်းများစွာကို ခွဲခြမ်း လေ့လာမှု အစရှိသည်တို့ ပြုလုပ်ပြီးမှ အဆိုပါ အစီရင်ခံစာကို ထုတ်ဖော် ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ALRC က ဆိုသည်။

ALRC ၏ Press Release ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment