Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုသို့ လာရောက် လည်ပတ်ရန် သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ ဟူဂျင်တောင်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်း ထုတ်ပြန်သည်။

အဆိုပါ ဖိတ်ကြားမှုကို ကနေဒါ နိုင်ငံတွင် ကျင်းပ ပြုလုပ်သော ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သမ္မတ ဟူဂျင်တောင်၏ ခရီးစဉ် အတွက် အချိန်ဇယားကို နှစ်နိုင်ငံအရာရှိကြီးများ စီစဉ် သတ်မှတ်ရတော့မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် သမ္မတ အိုဘားမား လက်ထက်အတွင်း တရုတ်သမ္မတ ဟူဂျင်တောင်၏ ပထမဆုံး အမေရိကန် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ယခင် ဘဏ္ဍာရေး မူဝါဒကို ပြောင်းလဲပြီး နိုင်ငံသုံး ငွေကြေးအား နိုင်ငံတကာ ဈေးကွက် ပေါက်ဈေးအတိုင်း လဲလှယ်ခွင့် ပြုရန် သဘောတူညီထားသည်။ ယခင် တရုတ်အစိုးရက ယွမ်ငွေတန်ဖိုး နှိမ့်ချ သတ်မှတ်ခဲ့ခြင်းသည် အမေရိကန်နှင့် တရုတ် ကုန်သွယ်မှုကို မမျှမတ ဖြစ်စေကြောင်း စီးပွားရေး ပညာရှင်များက ဝေဖန်ခဲ့ကြသည်။

"အမေရိကန် ပြည်ထောင်စုကို လာရောက် လည်ပတ်ဖို့ သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူဂျင်တောင်ကို ကမ်းလှမ်းခဲ့ပါတယ်။ ကမ်းလှမ်းချက်ကို သမ္မတ ဟူဂျင်တောင်က လက်ခံခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ခရီးစဉ် အချိန်ကာလ သတ်မှတ်ဖို့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်" ဟု အမေရိကန် အိမ်ဖြူတော် မှ Jeffrey Bader က အတည်ပြု ပြောဆိုသည်။

ငွေကြေး လဲလှယ်မှုနှုန်းကို ပြုပြင် ပြောင်းလဲလွယ်အောင် ထားရှိပေးမည် ဟူသော တရုတ်အစိုးရ၏ မူဝါဒကို ကြိုဆိုကြောင်း သမ္မတအိုဘားမားက မစ္စတာ ဟူဂျင်တောင်ကို ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။ တရုတ်၏ ဘဏ္ဍာရေးဆိုင်ရာ အဆိုပါ လုပ်ဆောင်ချက်သည် လွန်စွာမှ အရေးကြီးသည်ဟု အိမ်ဖြူတော်မှ Jeffrey Bader က ဆက်လက် ပြောဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment