Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 28th June 2010

ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဥရောပ သမဂ္ဂက တောင်းဆိုထားမှုကို မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ငြင်းဆိုလိုက်ပြီးနောက် ဥရောပ သမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသော ခရီးစဉ်ကို လတ်တလော ပယ်ဖျက်လိုက်သည်။

စပိန်နိုင်ငံက လက်ရှိ တာဝန်ယူထားသော အီးယူ ဥက္ကဌ၏ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျာမန် သံအမတ်ကြီး Julius Georg Luy သည် ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေး အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် ဇွန်လ ၁၅ ရက်တွင် နေပြည်တော်၌ မြန်မာအစိုးရ SPDC နိုင်ငံခြားရေး ဦးဥာဏ်ဝင်းအား တောင်းဆိုခဲ့သည်။ ဤသည်မှာ အဆင့်မြင့် အီးယူ ခရီးစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ရက်မသတ်မှတ် ရသေးသည့် ရွေးကောက်ပွဲများ မတိုင်မီ လပိုင်း အလိုတွင် ယင်းသို့ တောင်းဆိုလာခြင်းကို မြန်မာ အစိုးရက ငြင်းဆိုလိုက်သည်။

SPDC သည် မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ၎င်းတို့ကိုယ် ၎င်းတို့ ပေးထားသော အမည် ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ မြန်မာ အစိုးရက ငြင်းပယ်လိုက်တာကြောင့် ဒါမှမဟုတ် တခြား အကြောင်းရင်းတွေကြောင့် အစည်းအဝေးကို ဖျက်/မဖျက် ဆိုတာကို ကျွန်မ မှတ်ချက်မပေးနိုင်ပါဘူး" ဟု အီးယူ ဌာနေ ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူ Suvi Seppalainen က ပြောကြားသည်။

ဗုဒ္ဓဟူးနေ့တွင် ကုန်ဆုံးမည့် စပိန်နိုင်ငံ၏ အီးယူ ဥက္ကဌ သက်တမ်းအတွင်း အဆင့်မြင့် အစည်းအဝေး ဖြစ်နိုင်ဖွယ် မရှိဟု သူမက ဆက်လက် ပြောကြားခဲ့သော်လည်း ထပ်မံ စီစဉ်ဖွယ် ရှိမရှိကို မခန့်မှန်းနိုင်ဟုလည်း ဆိုသည်။ အဆိုပြုထားသော တွေ့ဆုံမှု အစီအစဉ်တွင် သူမ ပါဝင်ခြင်း မရှိ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့် အကြောင်းအရာများ ဆွေးနွေးမည် ဆိုသည်ကို သူမ သိရှိခြင်း မရှိပါ။

"သူတို့ တွေ့ဆုံချင်တဲ့ စာရင်းမှာ ဘာကြောင့် "Lady" က ထိပ်ဆုံးက ပါနေတာလဲ ဆိုတာကတော့ လုံးဝ ရှင်းပါတယ်။ ဒါပေမယ့် ဒီတောင်းဆိုမှုကို အစိုးရက ပိတ်ငြင်းလိုက်တာကတော့ စိတ်မကောင်းစရာပါ" ဟု သူမက ဆိုသည်။

မှတ်ချက်ပေးရန် အတွက် အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ လက်လှမ်းမှီမည် မဟုတ်ပါ။

အီးယူနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ကို ပိတ်ပင်ခဲ့သည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို တုန့်ပြန်သည့် အနေဖြင့် NCUB နှင့် မြန်မာ ဒီမိုကရေစီ ထောက်ခံသူ အုပ်စုများ၊ နိုင်ငံရေး အတိုက်အခံ အုပ်စုများ သမဂ္ဂတို့က မြန်မာ စစ်ဖက် အစိုးရကို ပြစ်တင် ရှုတ်ချသည့် ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

NCUB ၏ ပူးတွဲ အထွေထွေ အတွင်းရေးမှူး (၁)၊ NLD လွတ်မြောက်နယ်မြေမှ မြင့်သိန်းက အီးယူအား "နိုင်ငံတကာ တောင်းဆိုမှုများကို ထပ်မံ အတည်ပြုရန်နှင့် အစိုးရ၏ ရွေးကောက်ပွဲ အပါအဝင် ရလဒ်များကို ကန့်ကွက်ရန်" တောင်းဆိုလိုက်သည်။

"သူတို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ် မရှိသေးပါဘူး။ သူမကို လွှတ်ပေးပြီး တွေ့ဆုံ ဆွေးနွေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက အဆိုပြုတာတွေကိုလည်း ငြင်းပယ်ခဲ့ကြပါတယ်" ဟု ၎င်းက စစ်ဖက် အစိုးရကို အပြစ်တင်လိုက်သည်။

"ရွေးကောက်ပွဲများသည် လွတ်လပ်၊ မျှတမှု ရှိမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားကို ပြောင်းလဲစေမည့် ဆောင်ရွက်ချက် မှန်သမျှကို စစ်တပ်က အကြိမ်ကြိမ် ငြင်းဆန်ခဲ့ကြောင်း" မြင့်သိန်းက ဆက်လက် ပြောကြားသည်။ အထက်ပါ အကြောင်းများကြောင့် မြန်မာ အစိုးရ အပေါ် တင်းမာပြတ်သားစွာ ရပ်တည်ကြရန် အီးယူ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကို ၎င်းက တောင်းဆိုခဲ့သည်။ သို့ရာတွင် ရွေးကောက်ပွဲ ရလဒ်များ ပယ်ချရေးနှင့် ပတ်သက်ပြီး အီးယူက ယခုတိုင် ပြောကြားခြင်း မရှိသေးပါ။

"မရင့်ကျက်သေးပါဘူး။ နုပါသေးတယ်" ဟု Seppalainen က ဆိုသည်။ မည်သို့ပင်ဖြစ်စေ အီးယူက ၎င်း၏ သဘောအတိုင်း ရပ်တည်သွားမည်သာ ဖြစ်သည်။ "လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ ကျွန်မတို့ တောင်းဆိုနေပါတယ်။ ဒါဟာ အီးယူရဲ့ လက်ရှိ ရပ်တည်ချက် ဖြစ်ပြီး ပြောင်းလဲဖို့ မရှိပါဘူး" ဟု သူမက ပြောကြားသည်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက ပုံစံ အမျိုးမျိုးဖြင့် ၁၅ နှစ်ခန့် တားဆီး ထိန်းသိမ်းခဲ့ပြီး ယခုတိုင် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည်။ သူမ၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အစိုးရဖွဲ့ခွင့် မပေးခဲ့ဘဲ NLD ပါတီဝင် များစွာကို ထောင်သွင်း အကျဉ်းချခဲ့သည်။

ရွေးကောက်ပွဲ ဝင်မည် ဆိုပါက ပြစ်ဒဏ် ကျခံနေရသူများကို ပါတီမှ ထုတ်ပယ်ရမည်ဟု မမျှမတ ဖိအားပေးထားသော ရွေးကောက်ပွဲ ဥပဒေ၏ အောက်တွင် မှတ်ပုံတင်ရန် NLD က ငြင်းဆန်ခဲ့ပြီးနောက်တွင် မေလ ၆ ရက်နေ့၌ စစ်ဖက် အုပ်ချုပ်သူများက ပါတီကို အဓမ္မ ဖျက်သိမ်းခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment