Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားကြောင့် တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်ရသည် ဟူသော စွပ်စွဲ ပြောဆိုချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ သမ္မတ ဟူဂျင်းတောင်နှင့် ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအပေါ် တရုတ်နိုင်ငံက သုံးသပ်ချက် တစ်စုံတရာ မပေးဘဲ ကန့်သတ် ထိန်းချုပ်ထားခြင်းကို နားလည် သဘောပေါက်ကြောင်း အိုဘားမားက ဆိုသည်။ အိမ်နီးချင်း နိုင်ငံအပေါ် အရေးစိုက်မှု ဟူသော အကြောင်း ကိစ္စကြောင့် တရုတ်က ယင်းသို့ ရပ်တည်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် ယင်းသို့ ထိန်းချုပ် စောင့်စည်းနေမှုသည် "စိတ်ပါလက်ပါ မမြင်ချင်ယောင် ဆောင်မှု" တစ်ခုပင် ဖြစ်သည်ဟု အိုဘားမားက သတ်မှတ် ပြောဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအတွက် မိမိတို့တွင် တာဝန် ရှိသည်ဟူသော စွပ်စွဲချက်မှာ မဟုတ်မမှန်ကြောင်း မြောက်ကိုရီးယားက ငြင်းပယ်ထားသည်။ အမေရိကန် ပြည်ထောင်စု၏ ရန်ပြုလိုမှုကို တုံ့ပြန်သည့် အနေဖြင့် နျူကလီယာ ဟန့်တားမှု တစ်ရပ်အတွက် ပြင်ဆင်တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် တစ်စောင် ထုတ်ပြန်သည်။

စည်းဘောင်ကျော်မှု

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား နိုင်ငံကို ပြစ်တင် ကန့်ကွက်မည့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် တရုတ်နိုင်ငံ အထောက်အပံ့ ပေးလာရန် အမေရိကန် ပြည်ထောင်စုက လိုလားလျက် ရှိသည်။

ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်
"ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုကို မြောက်ကိုရီးယား နိုင်ငံ၏ စည်းဘောင်ကျော်သည့် လုပ်ရပ် တစ်ခုအဖြစ် တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်က အသိအမှတ်ပြု လက်ခံ လာလိမ့်မည်ဟု မျှော်လင့်ကြောင်း" အိုဘားမားက ဆိုသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ အဆိုအရ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတိုဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သစ် နာတိုကန်ကလည်း ချိုနန် စစ်သင်္ဘော ကိစ္စအတွက် မြောက်ကိုရီးယားပေါ် လိုအပ်သော ပြစ်တင် ရှုတ်ချမှုများ ပြုလုပ်ရန် တရုတ်နိုင်ငံကို တိုက်တွန်းထားကြောင်း ပြောကြားသည်။

ဇွန်လ ၂၆ ရက်နေ့တွင် အမေရိကန် သမ္မတ အိုဘားမားက မြောက်ကိုရီးယားသည် ချိုနန် နစ်မြုပ်မှုအတွက် မဖြစ်မနေ တာဝန်ယူရမည် ဖြစ်သည်ဟု ဆိုသည်။ မိမိသည် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နှင့်အတူ ရပ်တည်ခဲ့ပြီး မြောက်ကိုရီးယား အစိုးရ၏ တာဝန် မယူတတ်သော အပြုအမူကို ပြစ်တင် ရှုတ်ချခဲ့ကြောင်း ပြောသည်။

ဂျီ-၈ နိုင်ငံ ခေါင်းဆောင်များကလည်း အဆိုပါ စစ်သင်္ဘော တိုက်ခိုက်ခံရမှုကို ပြစ်တင် ရှုတ်ချသည့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

"မြောက်ကိုရီးယား နိုင်ငံက လုပ်ဆောင်ခဲ့သော နျူကလီယာနှင့် ဒုံးကျည် စမ်းသပ်မှုများသည် ဒေသတွင်း တင်းမာမှုများကို ပိုမို ဖြစ်ပေါ်စေခဲ့ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုလည်း ဆက်လက် ခြိမ်းခြောက်လျက် ရှိသည် ဟူသော အချက်ကို လွန်စွာ စိုးရိမ်ပူပန်မိသည်" ဟု ဂျီ-၈ ခေါင်းဆောင်များ၏ ကြေညာချက်က ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment