Transparency Myanmar

transparency.myanmar@gmail.com

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအား ကန့်သတ် ပိုင်းခြားထားသော နယ်စပ်ဒေသရှိ စစ်မက် ကင်းစင်ရေး ဇုန်အတွင်းသို့ အမေရိကန် စစ်တပ်က လက်နက်ကြီးများ သယ်ဆောင်လာမှုကို မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက အပြင်းအထန် ပြစ်တင် ဝေဖန်လျက် ရှိကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။

အမေရိကန် တပ်ဖွဲ့များသည် ဇွန်လ ၂၇ ရက်နေ့ နံနက် စောစောပိုင်းတွင် Panmunjom ဒေသသို့ လက်နက်များ သယ်ဆောင်လာသည်ဟု မြောက်ကိုရီးယားပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ အမေရိကန် စစ်ဘက် ပြောရေးဆိုခွင့် ရှိသူအား အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထင်မြင် သုံးသပ်ချက် ပေးရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းက တုံ့ပြန်မှု တစ်စုံတရာ မပြုလုပ်ခဲ့ပေ။

"တောင်နှင့် မြောက်ကိုရီးယား လက်နက်ကိုင် တပ်ဖွဲ့များ ထိပ်တိုက် ရင်ဆိုင်မှုများ ကြုံတွေ့နေရသည့် ဒေသသို့ အမေရိကန် စစ်တပ်က လက်နက်ကြီးများ သယ်ဆောင်လာခြင်းသည် စစ်ရေး ပဋိပက္ခနှင့် စစ်မီးပွား စတင် ပေါ်ပေါက်စေရန် အဓိက ဦးတည်ခြင်း ဖြစ်သည်" ဟု မြောက်ကိုရီးယား သတင်း အေဂျင်စီက ဆိုသည်။

မြောက်ကိုရီးယား စစ်ဘက် အရာရှိကြီးများက "အကယ်၍ အမေရိကန်တို့၏ လက်နက်ကြီးများ အဆိုပါ ဒေသမှ မဖယ်ရှားပါက မိမိတို့ အနေဖြင့် ပြင်းထန်သော စစ်ရေး လုပ်ဆောင်ချက်များဖြင့် တုံ့ပြန်သွားမည် ဖြစ်သည်" ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ တောင်ကိုရီးယားပိုင် ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့ပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အလွန်အမင်း ကြီးထွားလျက် ရှိသည်။ လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသော ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယားကြောင့် ဖြစ်သည်ဟု တောင်ကိုရီးယားက ပြစ်တင် ပြောဆိုလျက် ရှိသည်။ သို့သော် ပြုံးယမ်း အစိုးရက မိမိတို့၏ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က ကျင်းပသော ထိပ်သီး ဆွေးနွေးပွဲတွင် ဂျီ-၈ နိုင်ငံ ခေါင်းဆောင်များက မြောက်ကိုရီးယား အစိုးရကို ပြစ်တင် ဝေဖန်ခဲ့ကြသည်။

"ယခုလို ဖြစ်ရပ်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်" ဟု ဂျီ-၈ ခေါင်းဆောင်များက ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်သည်။

"ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် အလားတူ တိုက်ခိုက်မှုများ ထပ်မံ မပြုလုပ်ရန်နှင့် တောင်ကိုရီးယား နိုင်ငံအပေါ် ရန်ပြု ခြိမ်းခြောက်မှုများ ထပ်မံ မပြုလုပ်ရန် ကျွန်ုပ်တို့ တောင်းဆိုအပ်သည်" ဟု ကြေညာချက်တွင် ဖော်ပြသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment