Transparency Myanmar

transparency.myanmar@gmail.com

the Canadian Friends of Burma, 12th July 2010

Ivanhoe သတ္တု တူးဖော်ရေး လုပ်ငန်းသည် Myanmar Ivanhoe Copper Company (MICCL) တွင် ၎င်းပိုင်ဆိုင်သော ရှယ်ယာ ၅၀ % ကို ရောင်းချခြင်း မရှိကြောင်း ၎င်း၏ ကိုယ်ပိုင် website တွင် စိတ်အခန့် မသင့်သော အမူအရာပြသည့် စကားလုံးများ သုံး၍ ကြေညာချက် ထုတ်ပြန်ထားသည်။ MICCL သည် မုံရွာ ကြေးနီ စီမံကိန်း လုပ်ကိုင်ရန် မြန်မာ အစိုးရနှင့် ဖက်စပ် ထူထောင်ထားသော ကုမ္ပဏီ ဖြစ်သည်။

Ivanhoe ၏ ကြေညာချက်သည် NGO တစ်ခုဖြစ်သော Canadian Friends of Burma (CFOB) ၏ သတင်း ထုတ်ပြန်ချက်တွင် အစိုးရသည် တရုတ် လက်နက် ကုမ္ပဏီ Norinco နှင့် အတူ အလုပ်လုပ်ရန် MICCL တွင် ပါဝင်သော Ivanhoe ၏ ပါဝင်မှုအား အစိုးရနှင့် ရင်းနှီးသော လုပ်ငန်းရှင်များသို့ ရောင်းချခဲ့သည်ဟု ဖော်ပြခဲ့ခြင်းကို ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့သည်။ Ivanhoe က အဆိုပါ သတင်းမှာ အိန္ဒိယ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ အကူအညီဖြင့် လူအများ ထင်ရောင်ထင်မှား ဖြစ်စေရန် သတင်းမှားများ လွှင့်ထုတ်သော CFOB ၏ စီမံချက်၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် Ivanhoe ၏ ကြေညာချက်မှာ ဇွန်လ (၃၀) ရက် ဟု ရက်စွဲ တပ်ထားသော်လည်း ၎င်း၏ ကိုယ်ပိုင် website တွင် ဇူလိုင်လ (၆) ရက် အထိ တင်ထားခြင်း မရှိသေးသည်ကို တွေ့ရှိရသည်။

Ivanhoe ၏ ကြေညာချက်တွင် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက ထူထောင်ထားသော လွတ်လပ်သော ရန်ပုံငွေ ထိန်းသိမ်းရေး အဖွဲ့ (independent trust) က MICCL ရှိ Ivanhoe ၏ ၅၀ % သော ပါဝင်မှုကို ကိုင်ထားဆဲ ဖြစ်ကြောင်း ဆိုသည်။ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အဆိုပါ အဖွဲ့၏ နောက်ကွယ် မည်သူများ ရှိသည်ဟု ပြောဆိုရန် Ivanhoe က ငြင်းဆန်ခဲ့သည်။

CFOB ၏ အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးကမူ ၎င်းအနေဖြင့် Ivanhoe သည် independent trust အဖွဲ့ကို အသုံးပြု၍ MICCL ပါ ၎င်း၏ ပိုင်ဆိုင်မှု ရောင်းချခဲ့ခြင်းကို ဖုံးကွယ်ထားခြင်း ဖြစ်မည်ဟု ယုံကြည်နေသည်။ "စိတ်ပျက်ဖို့ ကောင်းပါတယ်၊ Ivanhoe ဟာ တရုတ် လက်နက် ကုမ္ပဏီနဲ့ မြန်မာ အစိုးရကြားမှာ ဝင်ရောက် ဆောင်ရွက်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကို သူ့ရှယ်ယာ ရောင်းချခဲ့တယ်။ ကနေဒါ အစိုးရ အနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးဖို့ လိုလိမ့်မယ်'' တင်မောင်ထူးက ပြောသည်။

MICCL တွင် Ivanhoe ၏ ပါဝင် ရောင်းချမှုနှင့် ပတ်သက်၍ CFOB ၏ သတင်း ထုတ်ပြန်ချက်နှင့် မဇ္ဈိမ၏ သတင်းဆောင်းပါးများ ထွက်ပေါ်လာပြီးနောက်တွင် တရုတ် လက်နက် ကုမ္ပဏီ ဖြစ်သော Norinco ကလည်း ၎င်း၏ website တွင် မုံရွာတွင် ကြေးနီ တူးဖော်ရေး အတွက် မြန်မာ အစိုးရနှင့် သဘောတူခဲ့ပြီး ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ Norinco ၏ သတင်း ထုတ်ပြန်ချက်နှင့် Norinco နှင့် မြန်မာ ဗိုလ်ချုပ်များ မုံရွာကြေးနီ အတွက် သဘောတူခဲ့မှု သတင်းများကို The Wall Street Journal စတင် ဖော်ပြခဲ့သည်။

CFOB အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက Ivanhoe က ၎င်း၏ အဖွဲ့ အပေါ် သတင်းအမှားများ ထုတ်ပြန်ရေး စီမံချက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပြောဆိုချက်ကို ငြင်းချက် ထုတ်ခဲ့သည်။ ၎င်းက တုန့်ပြန် ပြောဆိုရာတွင် "CFOB အနေဖြင့် မြန်မာ အစိုးရနဲ့ မုံရွာ ကြေးနီ အတွက် သဘောတူပါပြီ လို့ကြေညာတဲ့ Norinco ရဲ့ သတင်း ထုတ်ပြန်ချက်နဲ့ပဲ ဖြစ်ဖြစ် ဘာမှ မပတ်သက်ပါဘူး။ Ivanhoe ရဲ့ သတင်းမှားတွေ ထုတ်ပြန်တဲ့ စီမံချက်လို့ ပြောကြားချက်ကတော့ ရီစရာကြီး ပါပဲ'' ဟု ဆိုသည်။

Ivanhoe သည် ၎င်း၏ ကြေညာချက်ကို "မုံရွာကြေးနီ ထုတ်လုပ်ရေးနှင့် ပတ်သက်၍ Ivanhoe သတ္တုလုပ်ငန်း အပေါ် မြန်မာ ဆန့်ကျင်ရေး လှုပ်ရှားသူများ၏ မရိုးသားသော အဓိပ္ပာယ် မရှိသည့် ထိုးနှက်ချက်များ'' ဟု ခေါင်းစဉ် တပ်ထားပြီး၊ အဆိုပါ ကြေညာချက်တွင် ၎င်း၏ အမြတ်ရရေး ရည်ရွယ်ချက်ကို နှောင့်ယှက်မည့် မည်သူကိုမဆို ငြင်းချက် ထုတ်ရန် သက်သေ အထောက်အထားများ လိုအပ်နေဆဲ ဖြစ်သည်။

CFOB ၏ အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက Ivanhoe က မြန်မာ့ ဆန့်ကျင်သူဟု သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍ စိတ်မခန့်မသင့် ဖြစ်ရသည်ဟု ဆိုသည်။ ၎င်းက ပြောကြားရာတွင် "မြန်မာ စစ်တပ်ကသာ ဒီမိုကရေစီ မြတ်နိုးသူတွေနဲ့ ပွင့်လင်းမှုနှင့် လူ့အခွင့်အရေး မြတ်နိုးသူတွေကို မြန်မာ ဆန့်ကျင်သူများလို့ တံဆိပ် ကပ်ခဲ့တာ။ Ivanhoe က သူ့သတင်း ထုတ်ပြန်ချက် ခေါင်းစဉ်မှာ အဲဒီ စကားလုံး သုံးထားတော့ သူ့မှာ အမုန်းတရားတွေ ဘယ်လောက် ရှိတယ် ဆိုတာ ပေါ်လာတာပေါ့'' ဟု ဆိုသည်။

Ivanhoe က IndependentTrust ဟု ပြောသော အဖွဲ့၏ နောက်ခံကားချပ်

၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် မွန်ဂိုလီးယား၏ ရွှေနှင့် ကြေးနီ စီမံကိန်း Oya Tolgoi တွင် Ivanhoe ၏ ပါတနာ ဖြစ်သူ Rio Tinto သည် Ivanhoe သတ္တုလုပ်ငန်း၌ သူ၏ ရှယ်ယာသည် တဖြည်းဖြည်း ၃၀ % ရှိလာသည်။ ထိုအချိန်က Rio Tinto က လူသိရှင်ကြား ထုတ်ဖော် ပြောကြားရာတွင် Ivanhoe က မြန်မာနိုင်ငံမှ ပြန်ထွက်မည် ဆိုသော ကန့်သတ်ချက်ဖြင့် ရှယ်ယာ ဝယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

၂၀၀၇ ဖေဖော်ဝါရီလတွင် Ivanhoe က ကြေညာခဲ့ရာ၌ ၎င်းသည် MICCL ရှိ ၎င်း၏ ပါဝင်မှု ၅၀ % ကို independent trust ဟူသော အဖွဲ့သို့ ရောင်းချခဲ့ပြီးကြောင်း၊ သို့သော် ထိုအဖွဲ့က ရှယ်ယာကို ပြန်လည် ရောင်းချ၍ ငွေရရှိမှသာ Ivanhoe သို့ ငွေပေးမည် ဆိုသော ခံဝန်ချက်ဖြင့် ရောင်းချခဲ့ကြောင်း၊ ဖော်ပြခဲ့သည်။

သုံးနှစ်ခွဲ ကျော်ကျော် ကြာသည့်တိုင် Ivanhoe သည် independent trust အဖွဲ့၏ ဖွဲ့စည်းပုံ၊ လှုပ်ရှားမှုနှင့် အဖွဲ့ဝင်များကို ဖွင့်ထုတ်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ မြန်မာ အစိုးရကလည်း MICCL ၏ ကျန် ၅၀ % ကို ပိုင်ဆိုင်ဆဲ ဖြစ်သည်။

၂၀၀၉ ခုနှစ် မေလက မြန်မာနိုင်ငံ အပတ်စဉ်ထုတ် Myanmar Times တွင် MICCL မန်နေဂျင်း ဒါရိုက်တာ Gleen Ford က မုံရွာ သတ္တုလုပ်ငန်းသည် ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု စရိတ် အနည်းဆုံး သတ္တု လုပ်ငန်း ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့သည်။

၂၀၀၇ ခုနှစ် နှစ်ကုန်တွင် Ivanhoe က ၎င်းသည် MICCL တွင် ၎င်း၏ ၅၀ % သော ပါဝင်မှု တန်ဖိုးကို စံချိန်တင် ဒေါ်လာ (၁၃၄.၃) သန်းထိ လျှော့ချနိုင်ခဲ့သည်။ ထိုကိစ္စမှာ ၂၀၀၇ ခုနှစ် နှစ်ကုန် အထိ လည်ပတ်ဆဲ အခြေအနေတွင် ဖြစ်သည်။ Ivanhoe ၏ စာရင်းကိုင်များက သုည အထိ တရားဝင် တန်ဖိုးချထားသော သတ္တုတွင်း လုပ်ငန်း တစ်ခုသည် တန်ဖိုးကြီးသော ကြေးနီများ ဆက်လက် ထုတ်လုပ်နေနိုင်ခြင်းမှာ Ivanhoe ရှင်းပြရန် ငြင်းဆိုသော မေးခွန်းအဖြစ် ရှိနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment