Transparency Myanmar

transparency.myanmar@gmail.com

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအတွက် အမေရိကန် ဦးဆောင်သော ကုလသလမဂ္ဂ ညွှန်ကြားမှုရုံးနှင့် မြောက်ကိုရီးယား အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ပြောင်းလဲ သတ်မှတ်လိုက်သည်။ မူလက ဇူလိုင်လ ၁၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သဘောတူထားမှုကို ပြုံးယမ်းအစိုးရက ရွှေ့ဆိုင်းလိုက်ပြီးနောက် ယခုလို ဆွေးနွေးမည့်နေ့ကို ပြန်လည် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

တွေ့ဆုံ ဆွေးနွေးမှုကို ကိုရီးယား နယ်စပ် ဒေသရှိ Panmunjom ကျေးရွာတွင် ပြုလုပ်မည် ဖြစ်ပြီး နှစ်ဖက်စလုံးမှ စစ်ဘက်အရာရှိများ တက်ရောက်ကြမည် ဖြစ်သည်ဟု ကုလ ညွှန်ကြားမှုရုံးက သတင်း ထုတ်ပြန်သည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီး နောက်ပိုင်း ပထမဆုံး ဖြစ်ကြောင်း၊ အနာဂတ် ကာလတွင် အဆင့်မြင့် စစ်ဘက် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လာနိုင်ရန် ရည်ရွယ်၍ ယခု ဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးမှာ လွန်စွာ တင်းမာလာခဲ့သည်။ သင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ရသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့ အဆိုအရ အဆိုပါ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီဒို တိုက်ခိုက်မှု ခံရသောကြောင့် နစ်မြုပ် ပျက်စီးခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆိုပါ စွပ်စွဲချက်များသည် မှန်ကန်မှု မရှိကြောင်း၊ ချိုနန်ကိစ္စတွင် မိမိတို့မှာ တာဝန် မရှိကြောင်း ပြုံးယမ်း အစိုးရက ငြင်းပယ် ပြောဆိုထားပြီး မြောက်ကိုရီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်ခွင့်ပေးရန် အဆိုပြုထားသည်။

ကုလသမဂ္ဂ ညွှန်ကြားမှုရုံးက သင်္ဘော နစ်မြုပ်မှုအား အဖွဲ့ခွဲ၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တွေ့ရှိချက်များကို သတင်း ထုတ်ပြန်ခြင်း မရှိပေ။ ကုလသမဂ္ဂက ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ဘက်ရေးရာ ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ပြီး စစ်ဆေး တွေ့ရှိချက်များကို ပြန်လည် သုံးသပ်ရန် မြောက်ကိုရီးယားကို အဆိုပြုခဲ့သည်။ သို့သော် အမေရိကန် ပြည်ထောင်စုသည် ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စကို ဝင်ရောက် စွက်ဖက်ရန် ကြိုးပမ်းနေသည်ဟု ဆိုကာ မြောက်ကိုရီးယားက ကုလသမဂ္ဂ၏ အဆိုပြုချက်ကို ပယ်ချခဲ့သည်။

အမေရိကန် စစ်တပ်သည် တောင်ကိုရီးယား နိုင်ငံတွင် တပ်ဖွဲ့ဝင် အင်အား ၂၈၅၀၀ ဖြန့်ကျက်ထားသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UNSC) သည် ဇူလိုင်လ ၁၀ ရက် နေ့တွင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအပေါ် ပြစ်တင် ရှုတ်ချသည့် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ သို့သော် မြောက်ကိုရီးယား နိုင်ငံကို ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ထားခြင်း မရှိသည်ကို တွေ့ရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment