Transparency Myanmar

transparency.myanmar@gmail.com

Agence France-Press, 18th July 2010

အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော စစ်တပ် အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မတိုင်မီ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် အခြား ရပိုင်ခွင့်များ မရှိဘဲ အာဆီယံက မြန်မာ ရွေးကောက်ပွဲကို လက်ခံထားမှုအား မေးခွန်းထုတ်ဖွယ် ဖြစ်ရကြောင်း Amnesty International က တနင်္ဂနွေက ပြောကြားခဲ့သည်။

"ရွေးကောက်ပွဲ ကာလတွင် မြန်မာအစိုးရသည် လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဖွဲ့စည်းခွင့် တို့ကို ပိတ်ပင်ထားမှုနှင့် ပတ်သက်၍ အရှေ့တောင် အာရှနိုင်ငံများက ဖိအား ပေးသင့်သည် '' ဟု လန်ဒန် အခြေစိုက် စောင့်ကြည့် လေ့လာရေး အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

Amnesty သည် တနင်္လာနေ့တွင် ဗီယက်နမ်၌ ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေး မတိုင်မီ ယင်းသို့ သုံးသပ်ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သုံးသပ်သူများက ရွေးကောက်ပွဲသည် ရာစုနှစ် တစ်ဝက်မျှ စစ်တပ်က အာဏာ ဆုပ်ကိုင်ထားမှုအား တရားဝင်အောင် ပြုလုပ်မည့် အတုအယောင်သာ ဖြစ်မည်ဟု ပြောခဲ့ကြသည်။

AFP မှ ရရှိသော သတင်း ထုတ်ပြန်ချက် မူကြမ်းတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများသည် အဖွဲ့ကြီး၏ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင်သော ရွေးကောက်ပွဲ ဖြစ်ရန် တောင်းဆိုမှုကိုပင် ထပ်မံ တောင်းဆိုထားသည်။

ထိုသို့ တောင်းဆိုရုံမျှဖြင့် အထက်က ဖော်ပြခဲ့သော ရပိုင်ခွင့်များ ရရှိလာရေး အတွက် လုံလောက်သော တောင်းဆိုမှု မဟုတ်ကြောင်း Amnesty က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေများကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ဥပဒေ အရ ရွေးကောက်ပွဲ ဝင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ထဲ၌ အခြား အဖွဲ့ဝင်များကို ပါတီမှ ထုတ်ပယ်ရန် လိုအပ်သည်။

ပြီးခဲ့သည့်လက ထုတ်ပြန်သော ကန့်သတ်ချက်များ အရ နိုင်ငံရေး ပါတီများသည် ချီတက်ခြင်း၊ အလံများ ဝှေ့ယမ်းခြင်းနှင့် ကြွေးကြော်သံများ ကြွေးကြော်ခြင်းကို ပိတ်ပင်ထားသည်။

Amnesty က ပြောကြားရာတွင် ရွေးကောက်ပွဲ ဥပဒေများသည် လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ပြောင်ပြောင် တင်းတင်းပင် ပိတ်ပင်ထားပြီး၊ ရွေးကောက်ပွဲ ကော်မရှင် ကလည်း လုံခြုံရေးကို ထိခိုက်မည့် မဲဆွယ် စည်းရုံးမှုများကို မရေမရာ ပိတ်ပင်ထားသည်။

ဆင်ဆာ ဥပဒေသစ်ကလည်း ကျန်ရှိသော သတင်းစာ လွတ်လပ်ခွင့်ကိုပါ သေချာ စောင့်ကြည့် လာကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

မြန်မာနိုင်ငံရှိ အထက်ပါ စိန်ခေါ်မှုများကို ဖော်ထုတ်ရန် ပျက်ကွက်ခဲ့မှုသည် အာဆီယံ အပေါ် နိုင်ငံတကာ ယုံကြည် လက်ခံမှုအား ထိခိုက်လိမ့်မည် ဖြစ်ကြောင်း Amnesty က ပြောသည်။

အမေရိကန် ပြည်ထောင်စုကမူ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ကြောင်း မျှော်လင့်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment